ဟုမ္မလင်း-လဟယ် ကုန်းလမ်းပိုင်း နှစ်လနီးပါး ပိတ်ထားဆဲဖြစ်သည့်အတွက် အိန္ဒိယဘက်မှ ကုန်ပစ္စည်းများကို သာ အားထားနေရ
PUBLISHED - June 17, 2024
မြစ်ကြီးနား၊ ဇွန် ၁၇
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ ဟုမ္မလင်းမှ လဟယ်မြို့သို့ သွားလမ်းပိုင်းအား နှစ်လနီးပါး ပိတ်ထားဆဲဖြစ် သည့်အတွက် အိန္ဒိယဘက်မှ ကုန်ပစ္စည်းများကိုသာ မှီခိုအားထားနေရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီကုန်ပိုင်းမှ စတင်ပြီး KIA၊ PDF ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ စစ်ရေးတင်းမာမှုကြောင့် ဟုမ္မလင်း-လဟယ် ကုန်းလမ်းပိုင်းအား ပိတ်ထားခဲ့ရာ နှစ်လနီးပါးအထိ ရှိလာပြီဖြစ်သော်လည်း ယခုအချိန်ထိ ဖွင့်လှစ်ခြင်းမရှိသည့်အတွက် လဟယ်မြို့နယ်ရှိ ဒေသခံများမှာ စားသောက်ကုန်ပစ္စည်းများကို အိန္ဒိယဘက်မှ မှီခိုအားထား ဝယ်ယူအသုံးပြု နေရကြောင်း လဟယ်မြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။
“ဒီဘက်က ဒေသခံတွေအားလုံးကတော့ အိန္ဒိယဘက်ကပဲ ဝယ်ယူသုံးစွဲနေရတယ်။ မုံရွာ၊ ဟုမ္မလင်းဘက်က လမ်းပိတ်ထားဝောာ့ ကုန်ပစ္စည်းတွေ မဝင်ဝောာ့ဘူး။ ဒါကြောင့် ဒီဘက်မှာသုံးတဲ့ ကုန်ပစ္စည်းတိုင်းက အိန္ဒိယ ထုတ်ကုန်တွေပဲ။ ကြက်ဥကအစ အသီးအနှံတွေထိ အဲ့ဘက်ကပဲ ဝယ်သုံးနေရတယ်။ အိန္ဒိယဘက်ကလည်း လမ်းဘယ်ချိန်ပိတ်မလဲပဲ စိုးရိမ်နေရတယ်။ အဲ့ဘက်ကသာ ပြန်ပိတ်ရင်ဝောာ့ ပိုပြီးခက်ခဲမှာ အသေအချာပဲ” ဟု ၎င်းကဆိုသည်။
လက်ရှိ လဟယ်မြို့နယ်တွင် ဆန်တစ်အိတ်ဈေး (၁၃၀၀၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၆၀၀) ကျပ်၊ ဂေါ်ဖီထုတ်တစ်လုံး (၁၃၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် ဝယ်ယူနေရပြီး၊ အဆိုပါ စားသောက်ကုန်များအားလုံးမှာ အိန္ဒိယထုန်ကုန်များဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း-လဟယ် ကုန်းလမ်းပိုင်းအား ပိတ်ထားသကဲ့သို့ ဟုမ္မလင်း-ခန္တီး ရေလမ်းကြောင်းမှာလည်း ချင်းတွင်း မြစ်ရေ မြင့်တက်မှုကြောင့် စက်လှေ၊ ရေယာဉ်သင်္ဘောများ သွားလာနိုင်ခြင်း မရှိသည့်အတွက် ဒေသခံများ အစစအရာရာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
အလင်း
#PeopleMedia