ဟုမ္မလင်းမြို့နယ်၌ နေ့မထွက်ရ အမိန့်ထုတ်ပြန်
PUBLISHED - August 23, 2021
မုံရွာ၊ သြဂုတ် – ၂၃ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း နေ့မထွက်ရအမိန့်ကို သြဂုတ်လ ၂၂ ရက်နေ့မှစ၍ ကန့်သတ်လိုက်ကြောင်း သြဂုတ်လ ၂၂ ရက်နေ့က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေ သန္တရအမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်ထဲတွင် ဟုမ္မလင်းမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ တာဝန်နှင့် နာရေးမှအပ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန်၊ ဟုမ္မလင်း မြို့နယ်အတွင်း အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်းဆိုင်များမှအပ ကျန်ဈေးဆိုင်များအနေဖြင့် နံနက် ၅ နာရီမှ ၁၁ နာရီအချိန်ထိနှင့် ညနေ ၄ နာရီမှ ၇ နာရီအချိန်ထိသာ ဈေးရောင်းချခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
“ပိုးတွေ့တာက ဇွန်၂ ရက်နေ့စတွေ့တယ်။ အဲဒီကနေ တောက်လျှောက်လူနာများလာတာ။ မနေ့ကအထိ လူနာ ၁၆၀၀ ကျော်ရှိသွားပြီ။ သေဆုံးတာကလည်း ၇၀ ကျော်လောက်ရှိတယ်။ အဲတော့ ဒီမှာ သွားလာမှုတွေရှိနေမှာမို့ ကျွန်တော်တို့က နေ့မထွက်ရ အမိန့်ထုတ်ပြန်တာပေါ့။ ဈေးဝယ်တာတွေရှိမယ်။ တချို့လည်း အကြောင်းအမျိုး မျိုးနဲ့ အပြင်ထွက်တာတွေရှိလို့ ပြန်လည်တင်းကြပ်လိုက်တာပါ။ ရောဂါကို ခေါင်းတက်ပြတ်အောင်၊ ပြန့်ပွားမှုမရှိ အောင် ဆက်ပြီးဆောင်ရွက်ရမယ့်အနေအထားရှိတယ်။ အဲ့အတွက် ကျွန်တော်တို့ လူကြီးတွေရဲ့ လမ်းညွှန်ချက် အတိုင်း ဒါလေးကိုဆက်လုပ်ပေးတာ။ နေ့မထွက်ရအမိန့်ကို ပြည်သူတွေလိုက်နာဆောင်ရွက်ကြဖို့ လိုက်လံ ဆော်သြပေးထားပါတယ်” ဟု ဟုမ္မလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ကပြောသည်။
အဆိုပါတားမြစ်ချက်များအား ဖျောက်ဖျက်ကျူးလွန်ပါက (ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ် နှိမ်နှင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ) ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
“ဒီနေ့ကတော့ စည်းကမ်းမလိုက်နာသူတွေတွေ့ရင် သတိပေးမှတ်တမ်းလက်မှတ်ထိုးအရေးယူပေါ့။ နောက်ရက် တွေကျရင် ဥပဒေနဲ့အရေးယူမှာပါ။ ဒါမှလည်း လိုက်နာဆောင်ရွက်မှု အားကောင်းလာမယ်။ ဒါမို့ဆိုရင် လူတွေ က လိုက်နာဆောင်ရွက်အားနည်းတယ်။ အဲလိုမျိုးဖြစ်မှာမို့ပါ” ဟု ၎င်းကပြောသည်။
ယင်းကြေညာချက်သည့် ထုတ်ပြန်သည့်နေ့မှစ၍ ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိသာ အတည်ဖြစ် ကြောင်း ဖော်ပြထားသည်။
ဟုမ္မလင်းမြို့နယ်တွင် သြဂုတ်လ ၂၂ ရက်နေ့အထိ စာရင်းအရ ကိုဗစ်ပိုးတွေ့လူနာ (၁၆၀၅) ဦးရှိပြီး ဆေးရုံ ဆင်းလူနာ (၁၄၅၅) ဦးနှင့် ကိုဗစ်ကြောင့် သေဆုံးလူနာ ၇၄ ဦးရှိကာ ကုသဆဲလူနာ (၇၆) ဦးရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ဓာတ်ပုံ – ဟုမ္မလင်းပြန်ဆက်
#PeopleMedia #ဟုမ္မလင်း #COVID19
(unicode)
………………………………………
#PeopleMedia #ဟုမ်မလငျး #COVID19