ဟူသီသူပုန်တွေလွှတ်တင်လိုက်တဲ့ ဒရုန်း ၁၂ စင်းနဲ့ ဒုံးကျည် ၅ စင်း အမေရိကန်စစ်တပ်ပစ်ချ

PUBLISHED - December 27, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇
အီရန်ထောက်ပံ့ထားတဲ့ ဟူသီသူပုန်တွေလွှတ်တင်လိုက်တဲ့ ဒရုန်း ၁၂ စင်းနဲ့ ဒုံးကျည် ၅ စင်းကို အမေရိကန် စစ်တပ်က ပစ်ချခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့ (ဒီဇင်ဘာလ ၂၆ ရက်နေ့) က ပြောကြားလိုက် ပါတယ်။
ဟူသီသူပုန်တွေပစ်ခတ်မှုကြောင့် အမေရိကန်သင်္ဘောတွေ ထိခိုက်မှုမရှိကြောင်း အမေရိကန်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (US Central Command – CENTCOM) က ပြောပါတယ်။
“အမေရိကန်ဖျက်သင်္ဘော USS Laboon နဲ့ USS အိုက်ဆင်ဟောင်ဝါလေယာဉ်တင်သင်္ဘောအုပ်စုက F/A-18 Super Hornet ဂျက်တိုက်လေယာဉ်တွေဟာ တိုက်ခိုက်ရေးဒရုန်း ၁၂ စင်း၊ သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည် ၃ စင်းနဲ့ မြေပြင်ပစ်ခရုစ်ဒုံးကျည် ၂ စင်းတို့ကို ပင်လယ်နီတောင်ပိုင်းမှာ ပစ်ချခဲ့ပါတယ်။ ဒေသစံတော်ချိန် မနက် ၆ နာရီခွဲမှာ ဟူသီသူပုန်တွေစတင်ပစ်လွှတ်လိုက်တဲ့ အဲဒီလက်နက်တွေကို ၁၀ နာရီအတွင်းမှာ ပစ်ချခဲ့တာဖြစ်ပါ တယ်။” လို့ အမေရိကန် CENTCOM က X လူမှုကွန်ရက်ပေါ်မှာတင်ထားပါတယ်။
အမေရိကန်ဖျက်သင်္ဘော USS Laboon နဲ့ USS အိုက်ဆင်ဟောင်ဝါလေယာဉ်တင်သင်္ဘောအုပ်စုက F/A-18 Super Hornet ဂျက်တိုက်လေယာဉ်တွေဟာ ဘတ်အယ်လ်မန်းဒတ်ရေလက်ကြားမှာ ဟူသီသူပုန်တွေတိုက် ခိုက်မှုရန်က ရေလမ်းကြောင်းတွေကို ကာကွယ်ဖို့အတွက် အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ အစိတ် အပိုင်းတစ်ရပ်အဖြစ် ပင်လယ်နီတောင်ပိုင်းကို ရောက်ရှိနေတာဖြစ်ပါတယ်။
အစ္စရေးနိုင်ငံကို ဦးတည်လာတဲ့ လေကြောင်းပစ်မှတ်တစ်ခုကို အစ္စရေးစစ်တပ်က ပစ်ချလိုက်ကြောင်း ကြေညာ ချက်ထွက်ပေါ်လာပြီးနောက်မှာ အမေရိကန်ကလည်း အခုလို ဒရုန်း ၁၂ စင်းနဲ့ ဒုံးကျည် ၅ စင်း ပစ်ချလိုက် ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
အီရန်နိုင်ငံက ထောက်ပံ့ထားတဲ့ ဟူသီသူပုန်တွေဟာ အစ္စရေးနိုင်ငံ အေးလတ်မြို့ကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က ပြောပါတယ်။
အခုလိုဒရုန်းတွေနဲ့ အစ္စရေးကိုတိုက်ခိုက်နေတာဟာ အီရန်အစိုးရရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်နေတာဖြစ် ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟက်ဂရီကပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေး-ဟားမတ်စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စ တိုင်းလူမျိုး ၂၀၉၀၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။
Ref: US shoots down 12 ‘Iran-backed’ Houthi attack drones, 5 missiles in Red Sea
#PeopleMedia