• Follow Us on

Home အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသည် အမျိုးသားရေး စိတ်ဓာတ်ကင်းမဲ့ပြီး နိုင်ငံရေးအရရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက် ဖျက်ခြင်းပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသည် အမျိုးသားရေး စိတ်ဓာတ်ကင်းမဲ့ပြီး နိုင်ငံရေးအရရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက် ဖျက်ခြင်းပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသည် အမျိုးသားရေး စိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသည့် အတွေးအခေါ်အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက်ဖျက်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုလတ်တလော အခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုး လှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့် ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့ အစည်းများ၏ ခြေထိုးမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ ဆွဲချနေ သည့် မဟုတ်မမှန် လုပ်ကြံသတင်းများ၊ NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များ မှားပြီး ညီညွတ်မှုများပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့မြင် ကြရမည်ဖြစ်ကြောင်း ပြောသည်။

 

“ကယားပြည်နယ်မှာ မကြာမီကာလက KNDF အဖွဲ့နဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ပြည်နယ်အတွင်း နေထိုင်တဲ့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူတွေက ကိုယ့်ဒေသကိုယ်ဖျက်ဆီးတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ တည်ငြိမ်အေးချမ်းဖို့အတွက် ဒီဒေသမှာ နေထိုင်သူတွေကပဲ လုပ်ဆောင်ကြရမှာဖြစ်ပြီးတော့ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပျက်စီးစေဖို့နဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ လုပ်ဆောင်မှုတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ကလည်း ဒေသခံတွေပဲဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းတွေက လုပ်ဆောင်တာဟာ အမျိုးသားရေးစိတ်ဓာတ် ကင်းမဲ့ပြီး လွဲမှားတဲ့ အတွေးအခေါ်အယူအဆတွေနဲ့ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိတာနဲ့ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက်ဖျက်ခြင်းပဲ ဖြစ်ပါတယ်။”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက် လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ၎င်းတို့သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ပြည်သူအားလုံးက ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးကြစေလိုကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများသည် မြို့ရွာများရှိ နေအိမ်များ၌ ဝင်ရောက်နေထိုင်ပြီး ဒေသခံပြည်သူလူထုကို အကာအကွယ်ယူ၍ နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်၍ ပြည်သူများအနေဖြင့် သတိတရား၊ အသိတရားများဖြင့် ရှောင်ရှားမည် ဆိုပါက သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post