အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် ပြည်သူသုံးဦးသုံးဖလှယ်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

PUBLISHED - April 30, 2024
နေပြည်တော်၊ ဧပြီ ၃၀
လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ သုံးဦးသုံးဖလှယ် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မော်လမြိုင်မြို့၌ တွေ့ဆုံအမှာ စကားပြောကြားသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့သည် နယ်စပ်ဒေသများဖြစ်ပြီး အရေးပါသော နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက် အောင် ကြိုးပမ်းဆောင်ရွက်ရမည့် အခြေအနေများ၊ လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ် စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူသုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူများ အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများကို နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးစည်းရုံး ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး တည်ငြိမ်အေးချမ်းမှု ရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေး အသိ၊ လုံခြုံရေးသတိ ရှိစွာဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ကရင် ပြည်နယ်နှင့် မွန်ပြည် နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံ ပြည်သူများ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် အခြေ အနေများ၊ နိုင်ငံရေးသည် ကာကွယ်ရေးနှင့် စီးပွားရေးတို့နှင့် တိုက်ရိုက်ဆက်စပ်မှု ရှိသည့်အတွက် နိုင်ငံရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးတို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးရေးတွင် အဓိကကျသည့် MSME လုပ်ငန်းများကိုလည်း ထိရောက် အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရမည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တပ်နယ်များမှ တပ်မှူးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်း ဆိုင်ရာများအား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့သည်။
#PeopleMedia