အကြမ်းဖက်တိုက်ခိုက်သည့်နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးအရဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုပါက အရေးပေါ်ကာလပြဋ္ဌာန်းမှုမှာ ယခုကဲ့သို့ ကြာမြင့်ခဲ့မည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - February 2, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂
အကြမ်းဖက်တိုက်ခိုက်သည့် နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ခဲ့မည် ဆိုပါက အရေးပေါ်ကာလပြဋ္ဌာန်းမှုမှာ ယခုကဲ့သို့ ကြာမြင့်ခဲ့မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်ကာလမှစ၍ ရှေ့ လုပ်ငန်းစဉ်များ ချမှတ်ရာ၌ မဲမသမာမှုများကို ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးဖော်ထုတ်သွားမည် ဆိုသည့် အချက်ပါဝင်ခဲ့ပြီး တစ်နှစ်ကျော်ကာလအတွင်း ဖော်ထုတ်ပြီးစီးခဲ့ကြောင်း၊ သို့သော် ရွေးကောက်ပွဲရလဒ်အပေါ် အရေးယူဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများ က သာမန်ဆန္ဒပြမှုများမှတဆင့် ဆူပူဆန္ဒမှုများ၊ ၎င်းမှတစ် ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သဖြင့် သာမန်အခြေအနေပျက်ယွင်းသွား ကြောင်း၊ ထိုသို့အကြမ်းဖက်တိုက်ခိုက်သည့် နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်း ဆောင်ရွက်ခဲ့မည်ဆိုပါက အရေးပေါ်ကာလပြဋ္ဌာန်းမှုမှာ ယခုကဲ့သို့ ကြာမြင့်ခဲ့မည်မဟုတ်ကြောင်း ပြောသည်။
အလားတူ EAO များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတော်တာဝန်ကိုစတင်ထမ်း ဆောင်ချိန်တွင် NCA လက်မှတ် ရေးထိုးထားသော EAOအဖွဲ့များအနက် KNUမှ သဘောထားတင်းမာသူအချို့၊ CNFနှင့် ABSDF တို့သည် အကြမ်းဖက်လမ်းစဉ်တွင် ပါဝင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးမထားသည့် အဖွဲ့များထဲမှ KIA အဖွဲ့ အနေဖြင့် လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို အကြမ်းဖက်တိုက်ခိုက် သည့်သင်တန်းများ၊ မိုင်းထောင် ဖောက်ခွဲသည့်သင်တန်းများသင်ကြားပေးပြီး လက်နက်ခဲယမ်းများ ထောက်ပံ့ ပေးခဲ့ကြောင်း၊ KNPP အဖွဲ့ အနေဖြင့်ဆူပူ အကြမ်းဖက်မှုကိုလိုလားသည့် PDFအမည်ခံ အကြမ်းဖက်သမားများကို အကြမ်းဖက်သင်တန်း များသင်ကြားပေးခြင်းနှင့် လက်နက်ခဲယမ်းများထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးပြ၍ တိုက်ကွက်များဖော် လာခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းများသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ဆောင်မှုများ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထိုအထဲမှ MNDAA အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် လောက်ကိုင်ဒေသကို အင်အားအလုံးအရင်းဖြင့် Drone များအသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တရားမဝင်လုပ်ငန်းများ၊ ၎င်းတို့၏မဟာမိတ်များမှ ထောက်ပံ့မှုများ၊ မူးယစ်ဆေးဝါး ထုတ် လုပ်မှုနှင့် ရောင်းဝယ်မှုများမှရရှိခဲ့သည့် ငွေကြေး များဖြင့် အသုံးပြုခဲ့ခြင်းဖြစ်သည်ကိုတွေ့ရကြောင်း၊ ထိုသို့ MNDAA အဖွဲ့၏ တိုက်ခိုက်မှုများ လုပ်ဆောင်နေမှုသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ရပ်များ ပင်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia