အကြမ်းဖက်များအနေဖြင့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်မှစ၍ ယခုအချိန်အထိ ရထားလမ်းနှင့် ရထား ဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၂၉) ကြိမ်ကျုးလွန်ခဲ့
PUBLISHED - December 14, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၄
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း (၁၂၉)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း(၄၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာ ၁၃ရက်နေ့တွင် ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ်(၆)အစုန် ရန်ကုန်-မန္တလေး လူစီး အမြန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာ အကြားသို့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်တိုင်အမှတ်၊ ၁၀၄/၁-၁၀၃/၂၄ အရောက် တံတားအမှတ် (၁၄၆)နှင့် (၁၄၇)အနီး တို့၌ ရထားလမ်းအား အကြမ်းဖက် သောင်းကျန်းသူ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့၏ မိုင်းခွဲဖျက်ဆီး ထားခြင်းကြောင့် ရထားသံလမ်းပြတ်တောက်ပျက်စီးနေ၍ ရထားစက်ခေါင်းနှင့်အတူ လူစီးတွဲ(၃)တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရထားလမ်းချော်ကျမှုကြောင့် ကျောက်တံခါး-ပိန်းဇလုပ်အကြား ရထားလမ်းပိုင်းအား နံနက် (၄)နာရီတွင် ခေတ္တပိတ်ထားခဲ့ရသည့်အတွက် အခြားလူစီးရထားများဖြစ်သည့် အမှတ်(၁)အဆန် လူစီး/ကုန်တင်ရထားသည် ပိန်းဇလုပ်ဘူတာ၌ နံနက် ၃ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ အမှတ်(၂) အစုန် လူစီး/ကုန်တင်ရထားသည် ကျောက်တံခါးဘူတာ၌ နံနက် ၁ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ အမှတ်(၄)အစုန် လူစီးအမြန်ရထားသည် ဖြူးဘူတာ၌ နံနက် ၄ နာရီ ၂၅ မိနစ် တွင်လည်းကောင်း အသီးသီးရပ်တန့်ထားရှိခဲ့ရပါသည်။
လမ်းချော်ကျမှုဖြစ်ပွားသည့် အမှတ်(၆) အစုန် လူစီးအမြန်ရထားတွင် ခရီးသည်(၄၂၆)ဦး၊ အမှတ်(၄)အစုန် လူစီးအမြန်ရထားတွင် ခရီးသည် (၃၂၃)ဦး၊ အမှတ်(၁) အဆန်နှင့် အမှတ်(၂) အစုန် လူစီးကုန်ရထားများတွင် ခရီးသည် (၁၀၀)ဦးခန့်ပါရှိ၍ ရထားစီးခရီးသည် စုစုပေါင်း (၉၀၀)ဦးခန့် လမ်းခရီး၌ ကြန့်ကြာမှု အခက်အခဲ များ ကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက အချိန်နှင့်တပြေးညီ နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက မိုင်းပေါက်ကွဲမှုကြောင့် ပြတ်တောက်ပျက်စီး သွားသော ရထားသံလမ်း(၁၅)ပေခန့်နှင့် ကွန်ကရစ် ဇလီဖားတုံးများအား အစားထိုးလဲလှယ်ခြင်းနှင့် တံတား အမှတ်(၁၄၆)၏ ကွန်ကရစ်ကြမ်းခင်း (၈)ပေခန့်ပေါက်ထွက် ပျက်စီးမှုများအား အမြန်ဆုံးအချိန်နှင့် တပြေးညီ ပြန်လည်မွမ်းမံပြုပြင် လျက်ရှိပြီး ရထားခရီးစဉ်များ ပုံမှန်ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia