အကြမ်းဖက်မှုကိုအားပေးကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးကိုထိခိုက်စေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပျက်စီးစေကြောင်း USDP ပြောရေးဆိုခွင့်ရှိသူပြောကြား

PUBLISHED - July 22, 2024
နေပြည်တော်၊ ဇူလိုင် ၂၂
အကြမ်းဖက်မှုကို အားပေးကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုပျက်စီးစေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖက်ဒရယ်လား/အကြမ်းဖက်လား ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပရာ သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ ဦးသိန်းထွန်းဦးက ညှိနှိုင်းဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ ဒေါက်တာနိုင်ဆွေဦးနှင့် နိုင်ငံရေးသုတေသီ ဦးအောင်ဖြိုး ကျော်တို့က ပါဝင်ဆွေးနွေးကြသည်။
ဦးလှသိန်းက ဆွေးနွေးပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုကြောင့် တပ်မတော်က အာဏာကိုထိန်းသိမ်းခဲ့ရကြောင်း၊ ယခုနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် တိုက်ပွဲများဖော်ဆောင်နေမှုသည် NCA ကို ဖောက်ဖျက်သောအဖွဲ့များဖြစ်ကြောင်း၊ ထိုဒေသတွင် အခြားတိုင်းရင်းသားများကို မောင်းထုတ်ခြင်း၊ သတ်ဖြတ်ခြင်းတို့သည် မိမိတို့အကျိုးစီးပွားအတွက်လား၊ နိုင်ငံပျက်စီးအောင် လုပ်ဆောင်နေတာလားဟု မေးစရာများဖြစ်လာကြောင်း၊ အကြမ်းဖက်မှုကို အားပေးကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုပျက်စီးစေကြောင်း ဆွေးနွေးပြောသည်။
နိုင်ငံတကာအနေဖြင့်လည်း အကြမ်းဖက်မှု မှန်သမျှကိုလက်မခံကြောင်း၊ ယခုလို လက်နက်ကိုင်ပစ်ခတ်တိုက် ခိုက်နေမှုသည် ဖက်ဒရယ်စနစ်ကို အကြောင်းပြပြီး အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်ကြောင်း၊ မိမိ အဖွဲ့အစည်း ကောင်းကျိုးအတွက်လား၊ ဖက်ဒရယ်ကို လိုချင်တာလားဆိုတာကို မေးမြန်းစရာဖြစ်လာကြောင်း၊ ယခုလို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုသည် ပြည်သူများနေရပ်စွန့်ခွာ ထွက်ပြေးရသဖြင့် အတိဒုက္ခရောက် နေရကြောင်း၊ နိုင်ငံတော်က ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာထားပြီးဖြစ်၍ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပြီး လွှတ်တော်ပေါ်ပေါက်လာပါက မိမိတို့လိုအပ်ချက်ကို ညှိနှိုင်းဆွေးနွေးတောင်းဆိုနိုင်ကြောင်း ဦးလှသိန်းက ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဦးသိန်းကြည်က အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားများ၊ ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများ ထိခိုက်သေဆုံးနေရကြောင်း၊ နိုင်ငံရေးတွင် သွေးမထွက် သော နိုင်ငံရေးနှင့် သွေးထွက်သောနိုင်ငံရေးဟူ၍ နှစ်မျိုးရှိပြီး နိုင်ငံရေးဖြင့် ဆုံးဖြတ်၍မရပါက စစ်ရေးသို့ ဦးတည်တတ်လေ့ရှိကြောင်း၊ မည်သည့်နိုင်ငံတွင်ဖြစ်စေ အကြမ်းဖက်မှုကို လက်ခံလေ့မရှိကြောင်း၊ လက်နက် ကိုင်၍ နယ်မြေများ စိုးမိုးလာခြင်းသည် NCA သဘောတူညီမှု ချိုးဖောက်ခြင်းသာဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး လမ်းစဉ်ကို သွေဖည်ခြင်းဖြစ်၍ တိုင်းပြည်ထိခိုက်နစ်နာနိုင်မှုကို အလေးထား စဉ်းစားရန်လိုအပ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းရင်းသားအချင်းချင်း သွေးကွဲမှုမှသည် တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်သည်ကို အထူးသတိပြုသင့်ကြောင်း ဆွေးနွေးခဲ့သည်။
#PeopleMedia