အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း ကျင်းပပြီးစီး
PUBLISHED - August 7, 2023
နေပြည်တော်၊ သြဂုတ် ၇
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာဆီယံအပေါင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းကို သြဂုတ်လ (၂) ရက်မှ (၄) ရက်ထိ နေပြည်တော် ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင် လေ့ကျင့်ခန်းသို့ ပူးတွဲဥက္ကဋ္ဌနိုင်ငံများဖြစ်သည့် မြန်မာ၊ ရုရှားနိုင်ငံတို့နှင့်အတူ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ခန်းအစီအစဉ်အလိုက် ဆောင်ရွက်မည့် လေ့ကျင့်ခန်းပါ စစ်ဆင်ရေးစီမံချက်အား မြန်မာ-ရုရှား ကိုယ်စားလှယ်အရာရှိကြီးများမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံတကာ တပ်မတော် အရာရှိကြီးများမှ နိုင်ငံအလိုက် အလှည့်ကျ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လေ့ကျင့်ခန်းသည် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများအကြား ကာကွယ်ရေးနှင့် လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် (၇)ခုအနက် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး နယ်ပယ် အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူပြီးဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရသည်။
#PeopleMedia