အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းကွင်းဆက်များအားဖော်ထုတ်၍ အကြမ်းဖက်မှုလုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားရန် တပ်ချုပ်မှာကြား
PUBLISHED - August 24, 2024
နေပြည်တော်၊ ဩဂုတ် ၂၄
အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းကွင်းဆက်များအားဖော်ထုတ်၍ အကြမ်းဖက်မှုလုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။
ယနေ့မွန်းလွဲပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တိုင်းမှူးနှင့် တာဝန်ရှိသူများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့ဖြစ်သည်။
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း EAO အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများက နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြား အောင်ဆောင်ရွက်နေမှု အခြေအနေများ၊ အများပြည်သူ သွားလာလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ တံတားများနှင့် မီးရထားလမ်းများအား မိုင်းထောင် ဖောက်ခွဲလျက်ရှိမှုအခြေအနေများနှင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ အနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အများပြည်သူလုံခြုံရေးနှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွား ရန်လိုကြောင်း၊ အကြမ်းဖက်မှုလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းကွင်းဆက်များအားဖော်ထုတ်၍ အကြမ်းဖက်မှုလုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာ တွင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက် သွားရန် လိုကြောင်းနှင့် အခြားနယ်မြေ ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများ နှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်တောင်ငူမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက် ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။
#PeopleMedia