အကြမ်းဖက်အဖွဲ့များက ၃ နှစ်ကျော်အတွင်း ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း အကြိမ် (၁၃၀) ကျူးလွန်ခဲ့

PUBLISHED - February 22, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၇) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၀၃/၆-၇ ရှိ တံတားအမှတ်၊ (၁၄၅)တွင် မိုင်းပေါက်ကွဲသံများကြားရသဖြင့် ကျောက်တံခါး-ပိန်းဇလုပ် ရထားလမ်းပိုင်းအား ခေတ္တပိတ် ထားခဲ့ရကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် တံတားအမှတ် (၁၄၅)ပေါ်ရှိ ရထားသံလမ်း(၂)ချောင်းမှာ ပေ(၇၀)ခန့်စီ ပြတ်ထွက် ပျက်စီးခြင်း၊ ကွန်ကရစ်ဇလီ ဖားတုံး(၃၆)တုံးပျက်စီးခြင်း၊ တံတားကွန်ကရစ်ကြမ်းခင်း၌ (၅)ပေပတ်လည် အပေါက် (၅)ပေါက် ဖြစ်ပေါ်ပျက်စီးဆုံးရှုံးခဲ့ရပြီး လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်း ပြုပြင်ခြင်းကို နံနက် (၁၁) နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ပြီးစီးခဲ့သဖြင့် လမ်းပိုင်း အား မွန်းလွဲ ၃နာရီ ၃၀ နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းနှင့် အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် ညောင်လေးပင်ဘူ တာ၌ ၅ နာရီ ၅ မိနစ်ခန့် လူစီးရထား ကြန့်ကြာခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် အမှတ်(၉၁၄) အစုန်ကုန်ရထားသည် ကညွတ်ကွင်းဘူတာသို့ ညနေ ၅နာရီ ၅၅နာရီ အချိန်တွင် လည်းကောင်း၊ အမှတ်(၉၂၄-A) အစုန်ကုန်ရထားသည် ဖြူးဘူတာသို ည ၆နာရီ အချိန်တွင် လည်းကောင်း၊ အမှတ်(၉၂၄-B) အစုန်ကုန် ရထားသည် ကျွဲပွဲဘူတာသို့ ည ၆နာရီ ၂၀ အချိန်တွင်လည်းကောင်း၊ အမှတ်(၆၅၃)အဆန်ကျောက်ရထား သည် ည ၆နာရီ ၁၀အချိန်တွင် အုတ်တွင်းဘူတာနှင့် အမှတ်(၉၀၂) အစုန်ကုန်ရထားသည် ည ၆နာရီ ၃၀အချိန်တွင် သောင်းတိုင်ကုန်းဘူတာသို့ အသီးသီးရောက်ရှိ ရပ်နားထားခဲ့ရကြောင်း သိရသည်။
ထို့အတူ ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ်(၁၁) အဆန်လူစီးရထားသည် ယနေ့နံနက် ၉ နာရီ ၄၈ မိနစ်အချိန်တွင် ညောင်လေးပင်ဘူတာ၌ ခေတ္တရပ်နားခဲ့ ကြောင်း သိရသည်။
#PeopleMedia