အခုနှစ်အတွက် F-16 ဂျက်တိုက်လေယာဉ်တွေ အသုံးမဝင်တော့ဘူးလို့ ယူကရိန်းထိပ်တန်းအရာရှိပြော
PUBLISHED - April 6, 2024
နိုင်ငံတကာ၊ ဧပြီ ၆
အခုနှစ်အကုန်လောက်မှာ ယူကရိန်းကိုရောက်ရှိလာမယ့် အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေဟာ ရုရှားတပ်တွေကို တိုက်ခိုက်ဖို့အတွက် အသုံးမဝင်တော့ဘူးလို့ ယူကရိန်းတပ်မတော် ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ စစ်ပွဲကိုအောင်နိုင်သူအဖြစ် တံဆိပ်ကပ်ခံထားရတဲ့ အဲဒီ F-16 ဂျက်တိုက်လေယာဉ်တွေ ပို့ ဆောင်ပေးမယ့်အရေးကို ချိန်ဆနေတဲ့အတွက် ကာလကြာရှည်ငြင်းခုန်ဆွေးနွေးခဲ့ရပါတယ်။
အဲဒီဂျက်တိုက်လေယာဉ်တွေကို ဘေးကင်းလုံခြုံသွာမောင်းနှင်ပြီး ထိရောက်စွာအသုံးပြုနိုင်ဖို့အတွက် ယူကရိန်း လေသူရဲတွေကို လေ့ကျင့်သင်ကြားပေးပြီးှမှသာ လေယာဉ်တွေ ပို့ဆောင်ပေးဖို့ အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ် သြဂုတ်လက သဘောတူညီခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ လက်နက်တိုင်းဟာ သူ့အချိန်နဲ့သူ မှန်ကန်တဲ့အချိန်မှာ ရောက်ရှိရမှာဖြစ်ပြီး အခုနှစ်အတွင်းမှာတော့ F-16 ဂျက်တိုက်လေယာဉ်တွေဟာ ယူကရိန်းစစ်ပွဲအတွက် အရေးမကြီးတော့ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက Politico မီဒီယာကို ပြောပါတယ်။
“များသောအားဖြင့် ကျွန်တော်တို့ လိုချင်နေတဲ့အချိန်မှာ လိုအပ်တဲ့လက်နက်ခဲယမ်းတွေ ရောက်မလာပါဘူး။ မ လိုတော့တဲ့အချိန်မှ ရောက်လာတတ်တယ်။ F-16 ဂျက်တိုက်လေယာဉ်တွေကလည်း ၂၀၂၃ ခုနှစ်မှာ လိုအပ်ခဲ့ ပါတယ်။ အခု ၂၀၂၄ ခုနှစ်အတွက် အဲဒီလေယာဉ်တွေ မလိုတော့ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
လက်နက်တစ်ခုကို အလိုအပ်ဆုံးအချိန်မှာ ပို့ဆောင်ပေးနိုင်ဖို့ အရေးကြီးကြောင်း အမည်မဖော်လိုတဲ့ ယူကရိန်း စစ်ဘက်အရာရှိတစ်ဦးကလည်း ပြောပါတယ်။
စစ်ပွဲအစောပိုင်းကာလ လိုအပ်နေတဲ့အချိန်မှာ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ တင့်ဖျက်ဒုံးကျည်တွေကို အချိန်ကိုက် ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ပြောပါတယ်။
လက်နက်စနစ်တစ်ခုဟာ ပို့ဆောင်တဲ့အချိန် ကြန့်ကြာလေလေ အသုံးဝင်မှုအခြေအနေ ပိုမိုလျော့ပါးသွားလေ လေဖြစ်ကြောင်း အဆိုပါအရာရှိက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရုရှားထိုးစစ်တွေကို ခုခံတိုက်ခို်က်ဖို့အတွက် ယူကရိန်းနိုင်ငံအနေနဲ့ သမရိုးကျလက်နက် တွေနဲ့ ဒရုန်းတွေ အရေအတွက် ပိုမိုလိုအပ်နေကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ဟောက်ဝစ်ဇာအမြောက်တွေနဲ့ အမြောက်ကျည်တွေ လိုအပ်ပါတယ်။ အမြောက်ကျည် အများ အပြားလိုအပ်ပါတယ်။ စစ်နဲ့ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် အမြောက်ကျည် ၄ သန်းထက်မနည်းနဲ့ ဒရုန်း ၂ သန်းဝန်းကျင် လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့လက်နက်တွေ လုံလုံလောက်လောက် မရရှိဘူးဆိုရင် ရုရှားတပ်တွေ စုပြုံထိုးစစ် ဆင်တိုက်ခိုက်တဲ့အချိန်တိုင်းမှာ ရှေ့တန်းစခန်းတွေ ပြိုလဲသွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
Ref: F-16 Fighter Jets ‘No Longer Relevant’: Ukrainian Official
#PeopleMedia