• Follow Us on
Latest News

Home အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာလုပ်ကိုင်ဆောင်ရွက်မှုမရှိသည်ကိုတွေ့နေရဟု နစကဥက္ကဋ္ဌ ပြောကြား

အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာလုပ်ကိုင်ဆောင်ရွက်မှုမရှိသည်ကိုတွေ့နေရဟု နစကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၂၆

 

ယခုအချိန်အထိလည်း အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက်မှုမရှိသည်ကို တွေ့နေ ရကြောင်း ယမန်နေ့က ကျင်းပသည့် စီးပွားရေးရာကော်မတီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရစတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ကြောင်း၊ ဘဏ်စနစ် ပြိုလဲ သွားပါက တိုင်းပြည်စီးပွားရေးပြိုလဲသွားနိုင်သဖြင့် မိမိကိုယ်တိုင်တာဝန်ရှိသူများဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ် သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံ တော်မှ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘဏ်များ၌ ငွေထုတ်မရအောင် ATM စက်များ အလုပ် မလုပ်နိုင်စေရန်ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယရှိဖွယ်များ တွေ့ရှိရကြောင်း၊ ယခုအချိန်အထိလည်း အချို့ သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက်မှုမရှိသည်ကို တွေ့နေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောသည်။

 

မိမိတို့ရသင့်ရထိုက်သည့် နိုင်ငံခြားငွေများကိုမရရှိအောင် နည်းအမျိုးမျိုးဖြင့် တားဆီးထားပြီး စီးပွားရေးအကျပ် အတည်းဖြစ်အောင် ဆောင်ရွက်ခဲ့မှုများရှိသဖြင့် ဝင်ငွေ၊ ထွက်ငွေမျှတမှုရှိစေရေး နိုင်ငံနှင့် ပြည်သူလူထုအတွက် အရေးကြီးသည့် ကုန်စည်တင်သွင်းခြင်းနှင့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့ရကြောင်း၊ အဆိုပါ အခြေ အနေအပေါ်တွင် သတင်းမှားများဖန်တီးခဲ့ပြီး ကုန်ဈေးနှုန်းများကို ဆွဲတင်ခဲ့ကြခြင်းဖြစ်ကြောင်း၊  နိုင်ငံ၏အခြေ အနေအရပ်ရပ်ကိုသုံးသပ်ပြီး ဆောင်ရွက်သင့်သည်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ ဈေးကစားနေမှုများ ရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင် ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငွေကြေးဈေးကွက်ကိုအဓိကကစားနေကြသူများမှာ ပြည်တွင်း ကျပ်ငွေ၊ နိုင်ငံခြားငွေနှင့် ရွှေကိုင်ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေကိုင်ထား သူများက၎င်းတို့ နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေ ကိုင်ထားသူ များကရွှေဝယ်၍ ရွှေဈေးတက် အောင် ဆောင်ရွက်နေကြသည်ကို တွေ့ရကြောင်း၊ အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့် ဈေးထက်များပြားနေသည်ကိုတွေ့ရကြောင်း၊ ငွေကိုင်ထားသူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့်စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအပေါ် ရင်းနှီး မြှုပ်နှံခြင်းထက် ငွေရလွယ်ပြီးအမြတ်များများရနိုင်မည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန် လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံခြားငွေများနှင့် ရွှေဈေးနှုန်းများ တည် ငြိမ်မှုရှိစေရေးအတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ်ဆောင်ရွက်ရန်လိုကြောင်း ပြောသည်။

 

တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက် နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ်အရေး ယူလျက်ရှိကြောင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ့ စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ်အရေးယူဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post