အခြေခံစားကုန်များကုန်ဈေးနှုန်းကြီးမြင့်မှုကိုထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများထုတ် လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေဟု နစကဥက္ကဋ္ဌပြောကြား

PUBLISHED - October 7, 2023
နေပြည်တော်၊ အောက်တိုဘာ ၇
အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ် လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့စဉ် ပြောကြားခဲ့ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေးဇုန် များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီ သီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဝယ်လိုအားနှင့် ရောင်းလို အား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ် လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းမှာ သွင်းအား စုများနှင့် လုပ်အားခများ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့်ဖြစ်ပြီး စားသုံးမှု လိုအပ်ချက်ကို လုံလောက်စွာ ထုတ်လုပ် နိုင်မည်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ တစ်နေ့တာပျမ်းမျှ အသား၊ ငါး စားသုံးမှု လိုအပ်ချက်ပမာဏကို တွက်ချက်၍ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင် အောင် မွေးမြူထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ ဘဲမွေးမြူရေးနှင့်ပတ် သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန်ကာလတို့ကို စနစ်တကျ တွက်ချက် ချိန်ညှိ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်ပြတ်မှုမရှိစေရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အလားတူ အခြားမွေးမြူရေးလုပ်ငန်းများတွင်လည်း စဉ်ဆက် မပြတ် မွေးမြူမှုဖြစ်စေရေး တွက်ချက်ဆောင်ရွက်ကြရန်လို ကြောင်း၊ အသားစားနွားများကို အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူရန်လိုပြီး မွေးမြူရေးနွား၊ စပ်မျိုးနွားနှင့် ဒေသနွား များကို သုတေသနပြုဆောင်ရွက်ကာ အထွက်နှုန်း ကောင်းမွန်သည့် နွားမျိုးများရရှိရေး ဆောင်ရွက် ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုဖလား နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းသာမက စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးစနစ်များကို ဖော်ဆောင် သွားရန်လိုကြောင်း၊ လိုအပ်သည့် သွင်းအားစုများ လုံလောက်စွာ ရရှိနိုင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးသီးနှံ များကို နည်းစနစ်ကျနစွာဖြင့် ထုတ်လုပ်နိုင် မည့် မြေအရင်းအမြစ်များစွာရှိပြီးဖြစ်သဖြင့် ခေတ်စနစ်နှင့် လျော်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ သွင်းအားစုနှင့် ပတ်သက်၍ မြေဩဇာ၊ ရေရရှိရေး၊ လုပ်အားခ ဟူ၍ ရှိပြီး လုပ်သားရှားပါးမှုပြဿနာကို ယန္တရားများဖြင့် ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက် သွားရန်လိုကြောင်း၊ ပြောသည်။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည် ပထမဦးစား ပေးပင်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသည် လမ်းပန်းဆက်သွယ်မှု လျင်မြန် ချောမွေ့ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူး နိုင်မည့် အခြေအနေရှိပြီး ဖြစ်ကြောင်း၊ အဓိကလိုအပ်သည်မှာ အမှန်တကယ် အလုပ်လုပ်ရန် ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း အစိုးရမှ ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ သွား ရောက်လေ့လာမှုမှ ရရှိလာသည့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အတွေ့အကြုံများနှင့် နည်းစနစ်များကိုအသုံးချ၍ လည်း မိမိတို့ နိုင်ငံ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia