အခြေခံအဝတ်အထည်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးဆောင်ရွက်ပေးရန် တပ်ချုပ်မှာကြား

PUBLISHED - June 11, 2024
နေပြည်တော်၊ ဇွန် ၁၁
အခြေခံအဝတ်အထည်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝါစိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန် စေရေးအတွက် မြေအရည်အသွေးစစ်ဆေးခြင်း သုတေသနလုပ်ငန်းများကို ဦးစွာဆောင်ရွက်ပြီး မြေဆီလွှာ အမျိုးအစားအလိုက် စနစ်တကျပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ လိုအပ်သည့်သွင်းအားစုများ အပြည့်အဝ ထည့်သွင်းရန်နှင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးရန်လည်းလိုကြောင်း၊ စိုက်ပျိုးသည့်မြေအမျိုးအစား အလိုက် ထွက်ရှိသင့်သည့် အထွက်နှုန်းများကို လေ့လာဆန်းစစ်ရန်နှင့် အထွက်နှုန်းပြည့်မီစေရေး ဆောင်ရွက် သွားရန်လိုကြောင်း ပြောသည်။
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စံနမူနာပြဖြစ်အောင်ဆောင်ရွက်ကြရန်လိုပြီး A Grade အမျိုးအစားဝါများ ထွက်ရှိအောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါအမျိုးအစား အများအပြား စိုက်ပျိုးခြင်းထက် တစ်မျိုးတည်းကိုသာ စိုက်ပျိုး၍ အရည်အသွေးကောင်းမွန်သည့် ဝါများထွက်ရှိလာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပိတ်စအထည်အလိပ်များ ကောင်းမွန်ရန်အတွက် အခြေခံဖြစ်သည့် ဝါသည် ကောင်းမွန်ရမည်ဖြစ်သဖြင့် ဝါစိုက်ပျိုးမှုမှ အရည်အသွေးမြင့်ဝါများ ထွက်ရှိလာရန်လည်း လိုအပ်ကြောင်း၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)အနေဖြင့် တပ်မတော်မှလိုအပ်သည့် အဝတ်အထည်နှင့် ချည်အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှချည်မျှင်နှင့် အထည်အလိပ်များကို တင်သွင်းရလျက်ရှိပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်အတွက် ပြည်တွင်းရှိ ချည်မျှင်နှင့်အထည်စက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နေ့စဉ်ဝတ်စားဆင်ယင်မှုတွင် အသုံးများသည့် တီရှပ်၊ စွပ်ကျယ်ကဲ့သို့သော အခြေခံအဝတ်အထည်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်း များအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေး ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဝတ်အထည်များအား အရောင်အသွေးစုံလင်စွာဖြင့် ဈေးကွက်အတွင်း လူကြိုက်များသည့် ပုံစံအမျိုးအစားအလိုက် ထုတ်လုပ်ရောင်းချသွားရန်လိုကြောင်း၊ အခြားဈေးကွက်လိုအပ် ချက်ရှိသည့် ဟိုတယ်သုံးပစ္စည်းများနှင့် ပုဂ္ဂလိကသုံးပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာထုတ်လုပ်၍ ဈေးကွက်ရရှိရေး စဉ်းစားဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ လုပ်ငန်းအောင်မြင်တိုးတက်စေရေးအတွက် သုတေသနပြုလုပ်ငန်းများအား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့် အထည်စက်ရုံများသည် နိုင်ငံအတွက်လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက်များအား ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အဝတ်အထည်များအား အသုံးပြုနိုင်ရေး စနစ်တကျ စဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။
#PeopleMedia