အင်ဒိုနီးရှားက တူရကီထုတ် ဒရုန်းအသစ် ၁၂ စင်း ဝယ်ယူ
PUBLISHED - August 4, 2023
နိုင်ငံတကာ၊ သြဂုတ် ၄
အင်ဒိုနီးရှားနိုင်ငံဟာ တူရကီနိုင်ငံ တူရကီလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Turkish Aerospace Industries က ထုတ်လုပ်တဲ့ ဒေါ်လာသန်း ၃၀၀ တန်ကြေးရှိ စစ်သုံးဒရုန်း ၁၂ စင်းကို ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။
ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းနဲ့ ကင်းထောက်တာဝန်တွေထမ်းဆောင်မယ့် တူရကီထုတ် Anka ဒရုန်းတွေကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလမတိုင်ခင် အင်ဒိုနီးရှားကို ပို့ဆောင်သွားလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနသတင်းရင်းမြစ်တွေကို ကိုးကားပြီး AP သတင်းဌာနက ရေးသားထားပါတယ်။
အဲဒီဒရုန်းတွေကို အင်ဒိုနီးရှားနိုင်ငံရဲ့ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ်စလုံးမှာ အသုံးပြုသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားစစ်ဘက်က ပြောပါတယ်။
အလျား ၈.၆ မီတာ (၂၈ ပေ) ရှိတဲ့ Anka ဒရုန်းဟာ အမြင့် ၉၁၀၀ မီတာ (ပေ ၃၀,၀၀၀) ကနေ တစ်ဆက် တည်း နာရီပေါင်း ၃၀ ဝန်းကျင်အထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။
ဒရုန်းရောင်းဝယ်မှုသဘောတူညီချက်ထဲမှာ လေ့ကျင့်သင်ကြားမှု၊ လော်ဂျစ်စတစ်ထောက်ပံ့မှု၊ နှစ်နှစ် ဒါမှ မဟုတ် ပျံသန်းချိန် နာရီပေါင်း ၆၀၀ အာမခံနဲ့အတူ ဆက်စပ်ပစ္စည်းများတပ်ဆင်ပေးမှုတို့ ပါဝင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံရဲ့လေတပ်အင်အားတိုးချဲ့ဖို့အတွက် အခုနှစ်ထဲမှာပဲ ဒေါ်လာ ၈.၁ ဘီလျံတန်ကြေးရှိ ရာဖေးဂျက်တိုက်လေယာဉ် ၄၂ စင်းနဲ့ ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိ မီရပ်ချ် ၂၀၀၀-၅ ဂျက်တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူမှု အပါအဝင် အခုဒရုန်းဝယ်ယူမှုတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ဖေဖော်ဝါရီလအတွင်းက အမေရိကန်လော့ဟိမာတင်ကုမ္ပဏီထုတ် C-130J-30 Super Hercules စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ် ပထမအသုတ် ငါးစင်းကိုလည်း လက်ခံရရှိခဲ့ပြီး ဒါ့အပြင် အင်ဒိုနီးရှားအစိုးရဟာ ပြင်သစ်နိုင်ငံ Thales ကုမ္ပဏီထုတ် တာဝေးစစ်သုံးရေဒါ ၁၃ စုံကိုလည်း အမှာ စာပေးပို့ထားပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားဟာ ပြင်သစ်နိုင်ငံ Safran ကုမ္ပဏီထုတ် AASM-HAMMER ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်တွေ ကိုလည်း ဝယ်ယူဖို့ စဉ်းစားနေပါတယ်။
Ref: Indonesia Buys 12 Turkish Military Drones for $300 Million: The Defense Post
#PeopleMedia