• Follow Us on
Latest News

Home အင်ဒိုနီးရှားက တူရကီထုတ် Bayraktar TB3 ဒရုန်း အစင်း ၆၀ ဝယ်ယူမည်

အင်ဒိုနီးရှားက တူရကီထုတ် Bayraktar TB3 ဒရုန်း အစင်း ၆၀ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈

 

အင်ဒိုနီးရှားနိုင်ငံဟာ ၎င်းတို့နိုင်ငံရဲ့ စောင့်ကြည့်ထောက်လှမ်း၊ ကင်းထောက်နဲ့ တိုက်ခိုက်ရေးတာဝန်တွေ စွမ်း ရည်မြှင့်တင်ဖို့အတွက် Bayraktar TB3 ဒရုန်း အစင်း ၆၀ ကို တူရကီနိုင်ငံက မှာယူလိုက်ပါတယ်။

 

မကြာသေးခင်က တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန် ဂျကာတာကို သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်း တူရကီ Baykar ကုမ္ပဏီနဲ့ အင်ဒိုနီးရှား Republikorp ကုမ္ပဏီတို့ အခုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

 

ခေတ်မီမောင်းသူမဲ့လေယာဉ်တွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်ရေး ပူးတွဲဆောင်ရွက်ဖို့ အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့အတွက် သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် အခုလို Bayraktar TB3 ဒရုန်းတွေ ဝယ်ယူရေးကိစ္စ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဒရုန်းတွေ လက်ခံရရှိတဲ့အချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ တူရကီနိုင်ငံထုတ် ခေတ်အမီဆုံး ဒရုန်းတွေကို ပထမဦးဆုံး လက်ခံရရှိတဲ့ နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။

 

Bayraktar TB3 ဒရုန်းတွေအပြင် Akıncı ဒရုန်း ၉ စင်းကို ပူးတွဲထုတ်လုပ်ဖို့လည်း Baykar ကုမ္ပဏီနဲ့ Republikorp ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

TB3 ဒရုန်းဟာ ကမ္ဘာတစ်ဝန်းက တပ်မတော်အများအပြားကို ရောင်းချပေးထားပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ TB2 ဒရုန်းကို အဆင့်မြင့်တင်ထားတဲ့ version တစ်မျိုးဖြစ်ပါတယ်။

 

TB3 ဒရုန်းမှာ ပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်ဖို့အတွက် တောင်ပံအောက်မှာ စမတ်ဗုံးတွေ တပ်ဆင်နိုင်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

Bayraktar TB3 ဒရုန်းရဲ့ အတောင်ပံတွေဟာ ခေါက်သိမ်းနိုင်တဲ့အတွက် တူရကီနိုင်ငံက TCG Anadolu လို လေယာဉ် တင်သင်္ဘောတွေပေါ်ကလည်း အတက်/အဆင်း လုပ်နိုင်ပါတယ်။

 

တခြားဒရုန်းတွေနဲ့ မတူတာကတော့ TB3 ဒရုန်းဟာ အထူးလေယာဉ်ကွင်းတွေ မလိုအပ်ဘဲ သာမန်ပြေးလမ်းတိုလေးမှာ အတက်/အဆင်း ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။

 

Bayraktar TB3 ဒရုန်းဟာ အမြင့်ပေ ၂၀,၀၀၀ (၆,၀၉၆ မီတာ) နဲ့ တစ်နာရီကို ရေမိုင် ၁၁၀ မိုင် (၂၀၃ ကီလိုမီတာ/ ၁၂၆ မိုင်) ကျော် ပျံသန်းနိုင်ကြောင်း Baykar ကုမ္ပဏီက ပြောပါတယ်။

 

Bayraktar TB3 ဒရုန်းဟာ တစ်ဆက်တည်း ၂၁ နာရီကျော် ပျံသန်းနိုင်တဲ့အတွက် စောင့်ကြည့်ထောက်လှမ်း၊ ကင်း ထောက်နဲ့ တိုက်ခိုက်ရေးတာဝန်တွေ ထမ်းဆောင်ဖို့အတွက် သင့်တော်တဲ့ ခေတ်မီဒရုန်းအမျိုးအစားဖြစ်ပါတယ်။

 

Ref: Indonesia Buys 60 Turkish-Made Bayraktar TB3 Drones

 

#PeopleMedia


Share this post