အင်အားကြီးနိုင်ငံများက နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသည့်နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင်ဖော်ဆောင်နေကြောင်း တပ်ချုပ်ပြောကြား
PUBLISHED - December 12, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
အင်အားကြီး နိုင်ငံများက နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသည့်နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင် ဖော်ဆောင်ပြီး လုပ်ဆောင်နေကြကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယနေ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကို ကြည့်မယ်ဆိုပါက ခေတ်မီ နည်းပညာများနှင့် စစ်မှုသိပ္ပံနည်းပညာများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်အားကြီး နိုင်ငံအုပ်စု များ၏ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှု၊ နိုင်ငံရေးအရ မိမိဩဇာခံအဖြစ်ထားရှိလို မှုများကြောင့် ဖြစ်ပေါ်နေသည့် ခေတ်သစ်စစ်ပွဲ များ၏ အသွင်သဏ္ဌာန်များကို ကောင်းစွာသိရှိနားလည်ထား ရမည်ဖြစ်ကြောင်း။ ယနေ့နိုင်ငံများအကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို လေ့လာကြည့်မည်ဆိုပါက အင်အားကြီးနိုင်ငံများက နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသည့်နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင် ဖော်ဆောင်ပြီး လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရမည် ဖြစ်ကြောင်း ပြောသည်။
စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ခေတ်သစ်စစ်ပွဲများတွင် သက်ရှိလူသားများ ဦးဆောင်ကွပ်ကဲထိန်းချုပ်သည့် နည်းပညာ အဆင့်မှ AI (Artificial Intelligence) ဟုခေါ်သည့် ဉာဏ်ရည်တုနည်းပညာ အသုံးပြု ကွပ်ကဲထိန်းချုပ်မှု နည်းပညာအဆင့်အထိ တိုးတက်ပြောင်း လဲလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်သစ်စစ်ပွဲများတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်မှုရေးရာ တော်လှန်ပြောင်းလဲမှုနည်းပညာများနှင့် ဉာဏ်ရည်တုနည်းပညာ(AI) အခန်းကဏ္ဍကိုလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် ခေတ်သစ်စစ်ပွဲများကို မျှော်မှန်းပြီး ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရာတွင် ဉာဏ်ရည်တုနည်းပညာအပြင် အခြား ကာ ကွယ်ရေးသုတေသနလုပ်ငန်းများတွင်လည်း များစွာရင်းနှီးမြှုပ်နှံလာကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နည်းပညာအခြေပြု ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးကို အပြိုင်အဆိုင် လုပ်ဆောင်လာကြသည့် နည်းတူ သတင်းအချက်အလက်စီးဆင်းမှု လွယ်ကူမြန်ဆန်မှုကြောင့် နည်းပညာရပ်များ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုး တက်လျက်ရှိပြီး ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲမှုများသည် လျင်လျင်မြန်မြန် ဖြစ်ပေါ်လျက်ရှိသည်ကို လည်း အမြဲသတိချပ်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို အမီ လိုက်နိုင်ရန် အတွက် နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်နေသည့် စစ်မှုသိပ္ပံနှင့် နည်းပညာများကို စဉ်ဆက် မပြတ်လေ့လာပြီး မိမိနိုင်ငံအတွက် အကောင်းဆုံးအသုံးချသွားရမည်ဖြစ်ကြောင်း ပြောသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေရသည့် အချိန်အတွင်း၌ နိုင်ငံတော်နှင့် ပြည်သူလူ ထု၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်သွားကြ ရမည်ပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေး လုပ်ငန်းများကို လက်တွေ့ကျကျ ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာတွင် ခေါင်းဆောင် ကောင်းအင်္ဂါ ရပ်များနှင့်အညီ ကွပ်ကဲအုပ်ချုပ်ပြီး စစ်သည်တော် ကျင့်ဝတ်အပါး(၆၀)ကို တိတိကျကျ လိုက်နာ ကျင့်ကြံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိလက် အောက်ငယ်သားများအပေါ် မျှတသည့် စိတ်ထား၊ မှန်ကန်သည့်သဘောထား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းကျွမ်းကျင်မှု အပြင် ရဲဘော် ရဲဘက်စိတ်ထားရှိကာ ကွပ်ကဲအုပ်ချုပ်ပြီး တပ်နေပျော်စေရေးနှင့် သက်သာချောင်ချိရေး ကောင်းမွန်စေရန် အမြဲစီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြော ကြားခဲ့သည်။
#PeopleMedia