အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့တွင် သတ်မှတ်ရေချိန်ကျော်နေသဖြင့် ရေပိုလွှဲမှ ရေထိန်းတံခါးမှ ရေများထုတ်ယူပေးခဲ့ရ
PUBLISHED - September 16, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၆
ရန်ကုန်မြို့ အင်းလျားကန်နှင့် ကန်တော်ကြီးကန်အတွင်း ရေများပြည့်နေပြီး သတ်မှတ်ရေချိန်အမှတ်ထက် ကျော်လွန်နေသဖြင့် ရေပိုလွှဲနှင့် ရေထိန်းတံခါးမှရေများ ထုတ်ယူပေးခဲ့ရကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။
စက်တင်ဘာ ၁၅ရက် တိုင်းတာချက်များအရ အင်းလျားကန်သည် သတ်မှတ်ရေချိန်အမှတ် ၄၈ ပေ ကျော်လွန် နေသည့်ရေများကို ရေပိုလွှဲ Spill Way မှ တစ်ဆင့် အင်းလျားကန်ရေထုတ်မြောင်း၊ ကမ္ဘာအေးဘုရားလမ်း မြောင်း၊ ရန်ကင်းဆည်မြောင်းချောင်းနှင့် တောင်ဥက္ကလာ ရေပေါက်ကြည် ချောင်းတို့သို့ ဖြတ်သန်းစီးဆင်းစေပြီး ထိုမှတစ်ဆင့် ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်အောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်တော်ကြီးကန်သည်လည်း စက်တင်ဘာ ၁၅ ရက်တွင် သတ်မှတ်ရေချိန်အမှတ် ၃၈ ပေ ကျော်လွန်နေသည့် ရေများကို ကန်တော်ကြီးသဘာဝဥယျာဉ်ရှိ ရေထိန်းတံခါးမှ ထုတ်ယူပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia