အငြင်းပွားတောင်တရုတ်ပင်လယ်တွင်း အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

PUBLISHED - October 3, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၃
တောင်တရုတ်ပင်လယ်အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရနဲ့ တရုတ်အစိုးရကြား အငြင်းပွားမှုတွေ မြင့် တက်လာပြီးနောက် အမေရိကန်ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောက် တိုဘာလ ၂ ရက်နေ့ (တနင်္လာနေ့) က စတင်ကျင်းပခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ပင်မကျွန်းဖြစ်တဲ့ လူဇွန်ကျွန်းတောင်ဘက်မှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်များ၊ စစ် သင်္ဘောများနဲ့ အီလက်ထရောနစ်စစ်ဆင်ရေးများပါဝင်ပြီး “ဆမ်မာဆမာ” လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ ကျင့်မှုမှာ နှစ်နိုင်ငံရေတပ်က တပ်ဖွဲ့ဝင်ထောင်ကျော် ပါဝင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် နိုင်ငံတကာစည်းမျဉ်းအရ တရုတ်နိုင်ငံအနေနဲ့ တရားဝင်ပိုင်ဆိုင်ခွင့်မရှိပေမဲ့ တောင်တရုတ်ပင် လယ်တွင်းနယ်မြေတစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက ကြေညာပြီး တောင်တရုတ်ပင်လယ် အတွင်း အင်အားပြနေတဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပိုမိုစိုးရိမ်လာကြပါတယ်။
အမျိုးသားအချုပ်အခြာအာဏာပိုင်စိုးမှုကို တိကျသေချာအောင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအားလုံးရဲ့ အ ခွင့်အရေးတွေဟာ နိုင်ငံတကာရေပိုင်နက်ထဲမှာ နေ့စဉ်တိုက်ခိုက်ခံနေရကြောင်း အမေရိကန်ပစိဖိတ်ဌာနချုပ်အ ကြီးအကဲ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ကားလ်သောမတ်က ရေတပ်တပ်ဖွဲ့ဝင်တွေကို မနီလာမှာကျင်းပခဲ့တဲ့ အ ခမ်းအနားအဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
“ဒေသတွင်းငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာအာမခံပေးထားတဲ့ စည်းမျဉ်းအခြေခံနိုင်ငံတကာလုပ်ထုံးလုပ်နည်း ဟာ ဆွဲဖြဲခံရပြီး နိုင်ငံအားလုံးအကျိုးအတွက် မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံတည်းအကျိုးအတွက် တံဆိပ်ကပ်ခံပြီး စမ်းသပ်ခံလိုက်ရတယ်။” လို့ ၎င်းက ပြောပါတယ်။
“အချုပ်အခြာအာဏာနဲ့ လုံခြုံရေး တိကျသေချာစေဖို့အတွက် အတူတကွပူးပေါင်းရွက်လွင့်ပြီး စစ်ဆင်ရေးပူး ပေါင်းဆောင်ရွက်တာထက် ပိုမိုကောင်းမွန်တဲ့နည်းလမ်း လုံးဝမရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။
မကြာသေးခင်သီတင်းပတ်တွေအတွင်းက တရုတ်နိုင်ငံက ကင်းလှည့်ရေယာဉ်တွေကို တပ်ဖြန့်ချထားခဲ့ပြီး အဲဒီ ကင်းလှည့်ရေယာဉ်တွေဟာ ဖိလစ်ပိုင်ပင်လယ်အနောက်ပိုင်းမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေနဲ့ ဖိလစ်ပိုင်ရေလုပ်သားတွေကို နှောင့်ယှက်ခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
အထူးစစ်ဆင်ရေးတစ်ခုအနေနဲ့ တရုတ်နိုင်ငံကထိန်းချုပ်ထားတဲ့ စကာဘာ့ဂျ်ရေအောက်သောင်စွယ်မှာရှိတဲ့ ရေ ပေါ်အတားအဆီးတစ်ခုကို ဆက်သွယ်ထားတဲ့ကြိုးတစ်ချောင်းကို ဖြတ်တောက်ပစ်ဖို့ ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေကို ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်က ပြီးခဲ့တဲ့လက အမိန့်ပေးခဲ့ပါတယ်။
အဲဒီအတားအဆီးဟာ ၂၀၁၂ ခုနှစ်က တရုတ်နိုင်ငံကသိမ်းပိုက်ခဲ့တဲ့ ငါးပေါတဲ့ သန္တာကျောက်တန်းအဝန်းဝိုင်းထဲ ကို ဖိလစ်ပိုင်ရေလုပ်သားတွေ ဝင်လို့မရအောင် တားဆီးထားတဲ့ အဟန့်အတားဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
တရုတ်နိုင်ငံက ဖိလစ်ပိုင်အစိုးရကို ကျူးကျော်ရန်စပြီး ပြဿနာရှာတာတွေ မလုပ်ဖို့ သတိပေးလိုက်ပြီး ၎င်းတို့ က ဟူဟောင်ဂျန်လို့ခေါ်တဲ့ ကျွန်းဟာ တရုတ်နိုင်ငံပိုင်ဖြစ်ပြီး အဲဒီဝန်းကျင်တစ်ဝိုက်က ရေပိုင်နက်ဟာ တရုတ် ပိုင်နက်ဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။
“ဆမ်မာဆမာ” စစ်ရေးလေ့ကျင့်မှုဟာ ခြိမ်းခြောက်မှုတွေကို အတူတကွလက်တွဲရင်ဆိုင်ဖို့အတွက် မိမိတို့ကို လက်နက်တပ်ဆင်ပေးလိုက်တာဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး တိုရီဘီရိုအေဒါဆီက ပြော ပါတယ်။
ခဲယမ်းတင်သင်္ဘောတစ်စီး၊ P-8 Poseidon ပင်လယ်ပြင်စောင့်ကြည့်ထောက်လှမ်းရေးလေယာဉ်တစ်စီးနဲ့အတူ ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော USS Dewey ပါ လာမယ့် ၁၂ ရက်အတွင်းကျင်းပနေမယ့် စစ်ရေး လေ့ကျင့်မှုမှာပါဝင်ဆင်နွှဲသွားမှာဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ရေတပ်ကဖျက်သင်္ဘောတစ်စီး၊ ကနေဒါရေတပ်က ဖရီးဂိတ် HMCS Vancouver သင်္ဘောနဲ့အတူ ဖိလစ်ပိုင်ရေတပ်က ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်တပ် ဖရီးဂိတ်သင်္ဘောတစ်စီးလည်းပါဝင်သွား မှာဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့ ဗြိတိန်၊ ဂျပန်၊ ကနေဒါ၊ ပြင်သစ်နဲ့ သြစတေးလျနိုင်ငံတို့က ရေတပ်တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပေးခဲ့သလို နယူးဇီလန်နဲ့ အင်ဒိုနီးရှားကလည်း စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စေလွှတ်ပေးခဲ့ပါ တယ်။
Ref: US, Philippines Begin Annual Drills in Disputed South China Sea
#PeopleMedia