အငြင်းပွားဖွယ်ရာဝန်ကြီးခန့်အပ်မှုအတွက် ဆရက်ထာ ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံရဖွယ်ရှိတယ်လို့ အထက် လွှတ်တော်အမတ် ပရာဖန်းပြော
PUBLISHED - May 20, 2024
နိုင်ငံတကာ၊ မေ ၂၀
ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ ထောင်ဒဏ်ကျခံထားဖူးသူတစ်ဦးကို ဝန်ကြီးအဖြစ်ခန့်အပ်တဲ့အ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်တယ်ဆိုတာ တွေ့ရှိရမှာဖြစ်ကြောင်း အထက်လွှတ်တော်အမတ် ပရာဖန်းကုန်းမီက တနင်္ဂနွေနေ့ (မေလ ၁၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အခုလအတွင်း အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာ ဖိချစ်ချူယန်ဘန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာ ကို ပရာဖန်းက ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။
သတ်မှတ်အရည်အချင်းမပြည့်မီတဲ့ ဖိချစ်ကို ဝန်ကြီးခန့်အပ်ခြင်းအားဖြင့် ဝန်ကြီးချုပ်ဆရက်ထာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းရှိမရှိ စီရင်ချက်ချမှတ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို အထက်လွှတ် တော်ဥက္ကဋ္ဌ ပွန်းပက်ဝီချစ်ချိုလ်ချိုင်းကတစ်ဆင့် အထက်လွှတ်တော်အမတ်တစ်စုက ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) က တိုင်ကြားလွှာတစ်စောင်တင်သွင်းခဲ့ပါတယ်။
ဆရက်ထာအနေနဲ့ အစိုးရအဖွဲ့အရည်အချင်းကိုသတ်မှတ်ပေးထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၁၆၀ ကို ဖောက် ဖျက်ကျူးလွန်ကြောင်း တွေ့ရှိခဲ့ရင် တစ်စုံတစ်ဦးကို ထိခိုက်နစ်နာအောင်ပြစ်မှုကျူးလွန်သူအဖြစ် မှတ်ယူခံရမှာ ဖြစ်ပြီး ရာထူးက ဖယ်ရှားခံရမှာဖြစ်ကြောင်း ပရာဖန်းက ပြောပါတယ်။
“ဒါက အရေးကြီးတဲ့ကိစ္စပါ။ အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်ဖို့ ဖိချစ်မှာ သတ်မှတ်အရည်အချင်း မပြည့်စုံဘူးလို့ အခြေ ခံဥပဒေတရားရုံးကဆုံးဖြတ်လိုက်ရင် ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ တယ်လို့ သတ်မှတ်မှာပါ။ ဒါဆိုရင် ဝန်ကြီးချုပ်ဟာ ရာထူးကဖယ်ရှားခံရမှာဖြစ်ပြီး ဝန်ကြီးချုပ်ရွေးချယ်ဖို့ နောက် ထပ်ရွေးကောက်ပွဲတစ်ခု ကျင်းပရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အစကတည်းက ဖိချစ်ရဲ့ အရည်အချင်းတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေဖြစ်နေတယ်ဆိုတာ အမတ် လေးငါးခြောက်ဦးက ဆရက်ထာကို သတိပေးခဲ့ကြောင်း၊ ဆရက်ထာကလည်း ဒီပြဿနာကို သိရှိပြီးဖြစ် ကြောင်း ပရာဖန်းက ပြောပါတယ်။
တိုင်တန်းလွှာထဲမှာ “ဆရက်ထာဟာ ဝန်ကြီးချုပ်အဖြစ် ကျင့်ဝတ်နဲ့ညီမညီ စုံစမ်းစစ်ဆေးပေးဖို့လည်း” တောင်း ဆိုထားပါတယ်။ ဝန်ကြီးချုပ်ဆရက်ထာကတော့ အဲဒီတိုင်တန်းလွှာကြောင့် ပြည်သူအတွက် အလုပ်လုပ်နေတဲ့ ၎င်းရဲ့အာရုံပျက် သွားမှာမဟုတ်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။
“ကျွန်တော် အာရုံပျက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားတာရှိပါတယ်။ ကျွန်တော် တို့ရဲ့ အပြစ်ကင်းစင်မှုအတွက် ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။ ဒါပေမဲ့ အသေးစိတ် မရှင်းပြချင်ပါဘူး။ အဲဒီ တိုင်တန်းလွှာက ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကိုပဲ ဖိအားပေးပါလိမ့်မယ်။” လို့ ဆရက်ထာက ပြောပါတယ်။
မစ္စတာဖိချစ်ဟာ မစ္စတာဆရက်ထာရဲ့ အကြံပေးအရာရှိဟောင်းဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ထမင်းဘူးထဲငွေထည့်ပေးခဲ့တဲ့နာမည်ပျက်အမှုမှာ ဖိချစ်ဟာ ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ထရာရဲ့ရှေ့နေအ ဖြစ်အမှုလိုက်ခဲ့သူဖြစ်ပြီး အဲဒီကိစ္စကြောင့် ဝန်ကြီးအရည်အချင်းပြည်မီသူ ဖြစ်မဖြစ် မေးခွန်းထုတ်ခံနေရတာဖြစ် ပါတယ်။
၂၀၀၈ ခုနှစ်က သက်ဆင်ရဲ့ အငြင်းပွားဖွယ်ရာ မြေယာကိစ္စမှာ သက်ဆင်ရှေ့နေအဖြစ် ဆောင်ရွက်စဉ် တရား ရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
ဖိချစ်နဲ့ ၎င်းရဲ့အဖော်ဖြစ်သူနှစ်ဦးဟာ သီတင်းပတ်နှစ်ပတ်အစောပိုင်းက ဘတ်ငွေ ၂ သန်းပါရှိပြီး စက္ကူနဲ့ ထုပ် ထားတဲ့ထမင်းဘူးတစ်ဘူးကို တရားရုံးချုပ်အရာရှိတွေကို လာဘ်ထိုးဖို့ ကြိုးစားခဲ့ပြီးနောက် ဖိချစ်နဲ့အပေါင်းအပါ နှစ်ဦးကို ၂၀၀၈ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ တရားရုံးချုပ်က ထောင်ဒဏ် ၆ လစီချမှတ်ခဲ့ပါတယ်။
Ref: Senator predicts Srettha’s removal as PM over Pichit’s appointment and PM Srettha ‘not distracted’ by ethics case
#PeopleMedia