အစိုးရသစ်နဲ့ ဆက်ဆံရေးကောင်းမွန်ကြောင်း ထိုင်းကြည်းတပ်စစ်ဦးစီးချုပ်ပြော
PUBLISHED - December 30, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀
တော်ဝင်ထိုင်းကြည်းတပ်နဲ့ ဖီယူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန် ကြောင်း ထိုင်းကြည်းတပ်စစ်ဦးစီးချုပ်က သောကြာနေ့ (ဒီဇင်ဘာလ ၂၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဆက်စပ်အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲအလုပ်လုပ် နိုင်အောင် ထိုင်းကြည်းတပ်ကို ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ကြောင်း ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျေရွန်ချိုင်းဟင်းတောင်က ပြောပါတယ်။
“ဆက်ဆံရေးကောင်းမွန်ပါတယ်။ ဘယ်တုန်းကမှ အခြေအနေတွေတင်းမာတာမရှိတဲ့အတွက် တင်းမာမှုတွေ လျှော့ချဖို့ ဆွေးနွေးပြောဆိုစရာအကြောင်း လုံးဝမရှိပါဘူး။” လို့ မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်ကြီး ဂျေရွန်ချိုင်းဟင်းတောင်က ပြောပါတယ်။
ယေဘုယျအားဖြင့် တပ်မတော်နဲ့ တပ်မတော်သားတွေဟာ နိုင်ငံတော်လုံခြုံရေးအတွက် တခြားအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိကြောင်းလည်း ကြည်းတပ်ဦးစီးချုပ်က ပြောပါတယ်။
ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ စက်တင်ဘာလအတွင်းက အာဏာရလာတာဖြစ် ပါတယ်။
“ကျွန်တော်တို့မှာ စည်းကမ်းကျင့်ဝတ်တွေရှိပါတယ်။ အစိုးရ၊ နိုင်ငံတော်နဲ့ ဘုရင်စနစ်လုံခြုံရေးအတွက် ဂရုပြု ဆောင်ရွက်ရမယ့် ဘယ်အမိန့်မျိုးကိုမဆို ကျွန်တော်တို့ လိုက်နာဆောင်ရွက်ဖို့ အသင့်ရှိနေပါတယ်။ အမိန့်မပေး ရင်တောင်မှ ကျွန်တော်တို့ တာဝန်ကိုထမ်းဆောင်သွားမှာဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ကြီး ဂျေရွန်ချိုင်းဟင်း တောင်က ပြောပါတယ်။
ဥပမာအနေနဲ့ ပြည်သူတွေအကူအညီလိုအပ်နေတဲ့အချိန်မှာ နိုင်ငံတော်ဘတ်ဂျက်ကို စောင့်မနေဘဲ ထိုင်း တပ် မတော်ဟာ ပြည်သူတွေလိုအပ်တဲ့အကူအညီကို ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့ ချက်ချင်း ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ကို အဲဒီလိုဆောင်ရွက်ဖို့ တာဝန်အပ်နှင်းထားတာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
စစ်မှုမထမ်းမနေရဥပဒေဖျက်သိမ်းရေးအပါအဝင် ထိုင်းတပ်မတော်ကို ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တောင်း ဆိုမှုတွေထွက်ပေါ်နေချိန်မှာ ထိုင်းအောက်လွှတ်တော်က နိုင်ငံတော်လုံခြုံရေးကော်မတီဝင်တွေ ကြည်းတပ်ဌာန ချုပ်မှာ ကြည်းတပ်ဦးစီးချုပ်ကို သွားရောက်တွေ့ဆုံပြီးနောက် အခုလို ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျေရွန်ချိုင်းဟင်းတောင်ရဲ့ ပြောကြားချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အောက်လွှတ်တော်ကော်မတီက နယ်စပ်ဒေသစစ်ဆေးရေးအတွက် တောင်းဆိုတာကို ၎င်းအနေနဲ့ကြိုဆိုပေမဲ့ လုံခြုံရေးကိစ္စတွေဟာ တပ်မတော်တစ်ခုတည်း/ နိုင်ငံရဲ့နယ်စပ်ကိစ္စတွေတစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ် ကြောင်း ၎င်းက ပြောပါတယ်။
“လူထုကျန်းမာရေးဟာလည်း အမျိုးသားလုံခြုံရေးကိစ္စဖြစ်ပါတယ်။ အဲဒီကိစ္စကို Covid-19 ကပ်ရောဂါဘေးကာ လမှာ ကျွန်တော်တို့ သင်ယူခဲ့ပြီးပါပြီ။” လို့ ၎င်းက ပြောပါတယ်။
ထိုင်းကြည်းတပ်အနေနဲ့ ပြောင်းလဲလာတဲ့အခြေအနေတွေပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ ကြောင်း၊ အဲဒီလို ပြုပြင်ပြောင်းလဲတာဟာလည်း လက်ရှိကြည်းတပ်ရဲ့ စီမံချက်ထဲက အစိတ်ပိုင်းတစ်ရပ်ဖြစ်ပြီး ပြင်ပဖိအားတွေကြောင့် ဖြစ်ပေါ်လာတာမဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဂျေရွန်ချိုင်းဟင်းတောင်က ပြောပါတယ်။
ထိုင်းကြည်းတပ်ကို ထိုင်းနိုင်ငံရေးလောကမှာ အဓိကအင်အားကြီးအဖွဲ့အစည်းတစ်ရပ်အဖြစ် သတ်မှတ်ထား ကြပါတယ်။
မကြာသေးခင်ကာလ ၂၀၁၄ ခုနှစ် မေလအတွင်းက အာဏာသိမ်းမှုအပါအဝင် အတိတ်ကာလက အောင်မြင်တဲ့ အာဏာသိမ်းဖြစ်စဉ်တွေကို ထိုင်းတပ်မတော်ထဲမှာ အင်အားအကောင်းဆုံးအဖွ့ဲအစည်းတစ်ရပ်ဖြစ်တဲ့ ထိုင်း ကြည်းတပ်ဦးစီးချုပ်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
Ref: Army chief confirms ‘good ties’ with new government
#PeopleMedia