အစိုးရသစ်အဖွဲ့ကို ထိုင်းဘုရင်က အတည်ပြုထောက်ခံပြီးရင် ကတိအတိုင်း ပါတီခေါင်းဆောင်အဖြစ်က နုတ် ထွက်မယ်လို့ ချိုနန်ပြော

PUBLISHED - August 22, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၂
ဖီယူထိုင်းပါတီခေါင်းဆောင် ချိုနန်ဆရီကောက ၎င်းအနေနဲ့ ရွေးကောက်ပွဲကတိကိုစောင့်ထိန်းသွားမှာဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့ရဲ့ အစိုးရသစ်ကို ထိုင်းဘုရင်က အတည်ပြုထောက်ခံပြီးသွားတာနဲ့ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်သွားမှာဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ (တနင်္လာနေ့) က ပြောကြားလိုက်ပါတယ်။
ဖီယူထိုင်းပါတီအနေနဲ့ “ဘိုးတော်ကြီးပါတီ” နှစ်ပါတီပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ ပူးပေါင်းမှာမဟုတ်ကြောင်း ရွေး ကောက်ပွဲမဲဆွယ်ကာလမှာ ချိုနန်က အကြိမ်ကြိမ်ကတိပေးခဲ့ပြီး တကယ်လို့ ပူးပေါင်းခဲ့မိတယ်ဆိုရင် ပါတီခေါင်း ဆောင်အဖြစ်ကနေ နုတ်ထွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ဘိုးတော်ကြီးပါတီ” နှစ်ပါတီဆိုတာ ဗိုလ်ချုပ်ကြီးပရာဝတ်ဝေါင်ဆူဝန်ဦးဆောင်တဲ့ ပါလန်ပရာချာရတ်ပါတီ (PPRP) နဲ့ ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်လောင်းအမည်စာရင်းတင်သွင်းထားတဲ့ United Thai Nation ပါတီ (UTN ပါတီ) တို့ဖြစ်ပါတယ်။
ပါလန်ပရာချာရတ်ပါတီနဲ့ UTN ပါတီတို့ဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင်တွေဆက်လက်ရပ်တည် နိုင်အောင်ကြိုးပမ်းခဲ့တဲ့ပါတီတွေဖြစ်ကြောင်း ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ချိုနန်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ ပါလန်ပရာချာရတ်ပါတီနဲ့ UTN ပါတီတို့ဟာ ဖီယူထိုင်းပါတီဦးဆောင်တဲ့ ၁၁ ပါတီညွန့်ပေါင်းအဖွဲ့ဝင်တွေ ဖြစ်ကြေင်း တနင်္လာနေ့က ချိုနန်က တရားဝင်ကြေညာခဲ့ပါတယ်။
အစိုးရသစ်ဖွဲ့စည်းဖို့ဆိုရင် “ဘိုးတော်ကြီးပါတီနှစ်ပါတီ” ပါဝင်ဖို့ လိုအပ်ကြောင်း ချိုနန်က အစောပိုင်းက ရှင်းပြခဲ့ ပါတယ်။
အင်္ဂါနေ့မှာကျင်းပမယ့် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်လောင်း ဆရက်သာသာဗီဆင်ကို ဖီယူထိုင်းပါတီက အမည်စာရင်းတင်သွင်းတဲ့အခါ ဗိုလ်ချုပ်ကြီးပရာယွတ်နဲ့ ဗိုလ်ချုပ်ကြီးပရာဝတ်တို့ ခန့်အပ်ထားတဲ့ အထက်လွှတ် တော်အမတ်တွေထံက ထောက်ခံမဲရရှိဖို့အတွက် ဖီယူထိုင်းပါတီဟာ “ဘိုးတော်ကြီးပါတီနှစ်ပါတီ” နဲ့ ပူးပေါင်း လိုက်တာဖြစ်တယ်လု့ိ ယုံကြည်ထားကြပါတယ်။
“တကယ်လို့ ကျွန်တော်တို့ အဲဒီပါတီနှစ်ပါတီနဲ့ မပူးပေါင်းဘူးဆိုရင် ဖီယူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ အနေနဲ့ အစိုးရသစ် လုံးဝဖွဲ့စည်းနိုင်မှာ မဟုတ်ပါဘူး။” လု့ိ ချိုနန်က ပြောပါတယ်။
“ကျွန်တော် နုတ်ထွက်သွားမှာမဟုတ်ဘူးလို့ ပြောနေတာမဟုတ်ဘူးနော်။ ဖီယူထိုင်းပါတီအတွက် ကျွန်တော့် ရည်မှန်းချက်တွေ အကောင်အထည်ဖော်ပြီးတဲ့အချိန်မှာ ကျွန်တော်နုတ်ထွက်သွားမှာဖြစ်ပါတယ်။ အစိုးရသစ် အမည်စာရင်းကို ထိုင်းဘုရင်ထောက်ခံအတည်ပြုဖို့ တင်လိုက်တာနဲ့တပြိုင်နက် ကျွန်တော့်နုတ်ထွက်လွှာကို တရားဝင်တင်ပြသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဗိုလ်ချုပ်ကြီးပရာယွတ်ဟာ ၂၀၀၄ ခုနှစ်က ယဉ်လတ်ရှင်နာဝပ်ထရာဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
တပြိုင်တည်းမှာပဲ ဖီယူထိုင်းပါတီက ပါလန်ပရာချာရတ်ပါတီ၊ UTN ပါတီတို့နဲ့ ပူးပေါင်းတော့မယ့်အကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ချင်းမိုင်ပြည်နယ်က ဖီယူထိုင်းပါတီက အမျိုးသမီးလွှတ်တော်အမတ် သက်ဆာနီး ဘရာနူပါကွန်က ပါတီက နုတ်ထွက်သွားခဲ့ပါတယ်။
သက်ဆာနီးဘရာနူပါကွန်က ၎င်းအနေနဲ့ ဖီယူထိုင်းပါတီနဲ့ နှစ်ရှည်လများလက်တွဲပြီး နိုင်ငံရေးလုပ်ခဲ့ရတဲ့အ တွက် ကျေးဇူးတင်အသိအမှတ်ပြုပေမဲ့ လက်ရှိအချိန်မှာပါတီက နုတ်ထွက်ဖို့ကလွဲလို့ ရွေးချယ်စရာလမ်းမရှိ ကြောင်း ပြောပါတယ်။
“ဖီယူထိုင်းပါတီအနေနဲ့ ရွေးချယ်စရာမရှိပါဘူး။ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့အတွက် ပါလန်ပရာချာရတ်ပါတီ၊ UTN ပါတီတို့နဲ့ မဖြစ်မနေပူးပေါင်းရတော့မယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးနည်းလမ်းအ ဖြစ် ပါတီကနေ ကျွန်မနုတ်ထွက်ဖို့ ရွေးချယ်လိုက်တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Cholnan promises to keep his word and quit, but only after new Cabinet endorsed
#PeopleMedia