အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးတိုးတက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိဟု ပြန်ကြားရေးဝန်ကြီး ပြောကြား
PUBLISHED - September 8, 2023
နေပြည်တော်၊ စက်တင်ဘာ ၈
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး စီးပွားရေးတိုးတက်ရေး ကုန်ဈေးနှုန်းကျဆင်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနစုဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက နိုင်ငံတော်တွင် လတ်တလောဖြစ်ပွားနေမှုများမှာ အားလုံးအသိပင် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံးသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားကိုသာ ဦးစားပေးဆောင်ရွက်ကြ ကြောင်း၊ မိမိတို့၏ အကျိုးစီးပွားနှင့်ယှဉ်၍ နိုင်ငံအချို့ကို လိုတစ်မျိုးမလိုတစ်မျိုး ဆက်ဆံကြကြောင်း၊ နိုင်ငံ တော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင်၊ စီးပွားရေးတိုးတက်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့မိသားစု၊ မိမိဒေသ၊ မိမိတိုင်းဒေသကြီးပြည်နယ်၊ မိမိနိုင်ငံပိုမိုကောင်းမွန် အောင်အဆင့်ဆင့် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနသတင်းများ မသက်ဆိုင်သူများထံ ပေါက်ကြားမှုမရှိအောင် ထိန်းသိမ်းကြရန် မှာကြားလိုကြောင်း၊ ဖေ့စ်ဘွတ်နှင့်ပတ်သက်၍ တစ်ဖက်သတ်ဘက်လိုက်ဆောင်ရွက်မှုများကိုသိရှိပြီး သတိပြုသုံးစွဲကြရန်လိုအပ်ကြောင်း၊ အများစုသော သတင်းများမှာ အဆိပ်အတောက်ဖြစ်စေသည့် မမှန်မကန် အကျိုးမရှိသည့်သတင်းများ၊ သတင်းတု၊ သတင်းမှား များ၊ လုပ်ကြံဖန်တီးထားသည့် သတင်းများဖြစ်နေသည်ကို သိရှိထားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦး မောင်မောင်အုန်းက ပြောကြားသည်။
#PeopleMedia