• Follow Us on

Home အစ္စရေလေကြောင်းတိုက်ခိုက်မှုကြောင့် ဒုံးကျည်ထုတ် လုပ်ရေးစက်ရုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း အီရန်ပြော

အစ္စရေလေကြောင်းတိုက်ခိုက်မှုကြောင့် ဒုံးကျည်ထုတ် လုပ်ရေးစက်ရုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း အီရန်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၃၁

 

အစ္စရေးဂျက်တိုက်လေယာဉ်တွေက ပြီးခဲ့တဲ့သီတင်းပတ်က အီရန်စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီးနောက် မှာ အီရန်နိုင်ငံရဲ့ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းဟာ ဘာမှမဖြစ်ဘဲ အကောင်းပကတိကျန်ရှိနေဆဲဖြစ်ကြောင်း အီရန်အစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

“ဒုံးကျည်ထုတ်လုပ်ရေးလို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေ ဘာတစ်ခုမှ ထိခိုက်ပျက်စီးခြင်းမရှိပါ ဘူး။” လို့ အီရန်ကာကွယ်ရေးဝန်ကြီး အဇစ်နာဆီရာဇာဒက်က သတင်းထောက်တွေကို ပြောပါတယ်။

 

“ရန်သူက ကျွန်တော်တို့ရဲ့ ထိုးစစ်နဲ့ ခံစစ် စစ်လက်နက်ပစ္စည်းတွေနှစ်မျိုးစလုံးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အစ္စရေးက အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့လို့ဆိုပြီး အီရန်က အောက်တိုဘာ ၁ ရက်နေ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခဲ့တဲ့အတွက် အောက်တိုဘာလ ၂၆ ရက်နေ့ (စနေနေ့) မှာ အစ္စရေးလေတပ်က အီရန်နိုင်ငံထဲက စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ ပြင်းပြင်းထန် ထန် တိုက်ခိုက်ခဲ့ပါတယ်။

 

အစ္စရေးဂျက်တိုက်လေယာဉ်တွေဟာ အီရန်နိုင်ငံထဲက စစ်လက်နက်ပစ္စည်းတွေနဲ့ ဒုံးကျည်ထုတ်စက်ရုံကို တိုက် ခိုက်နိုင်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက ပြောကြားခဲ့ပါတယ်။

 

အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသွားသလို အရပ်သားတစ်ဦး သေဆုံးသွားပြီး ရေဒါ စနစ်တချို့ ပျက်စီးသွားကြောင်း အီရန်စစ်တပ်နဲ့ မီဒီယာက ပြောပါတယ်။

 

အီရန်က စစ်ပွဲဖြစ်ပွားလာအောင် ဆောင်ရွက်မှာမဟုတ်ပေမဲ့လည်း သင်လျော်တဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသလို အစ္စရေးကလည်း အီရန်ကို ထပ်မံလက်တုံ့ပြန်တိုက်ခိုက်ခြင်း မပြုဖို့ သတိပေးခဲ့ပါတယ်။

 

အနောက်နိုင်ငံတွေက အီရန်ဒုံးကျည်စီမံချက်ကို ဝေဖန်ခဲ့တာ နှစ်ကာလရှည်ကြာပြီဖြစ်ပါတယ်။ အီရန်ဒုံးကျည် စီမံချက်ကြောင့် မကြာသေးခင်နှစ်များအတွင်း အီရန်နိုင်ငံကို စီးပွားရေးအရေးယူဆောင်ရွက်မှုတွေ ချမှတ်ခဲ့ပါ တယ်။

 

ရုရှား-ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားနိုင်ငံကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ လွှဲပြောင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီရန်အရာရှိတွေနဲ့ အီရန်ကုမ္ပဏီတွေကို စက်တင်ဘာလအတွင်းက ဥရောပသမဂ္ဂက စီးပွားရေးအ ရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ အီရန်အစိုးရကတော့ အဆိုပါစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

 

Ref: Iran Says Missile Production Unaffected by Israel Strikes

 

#PeopleMedia


Share this post