အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက AI နည်းပညာတပ်ဆင်ထားတဲ့ ဘာရက်မျိုးဆက်သစ်ပင်မတိုက်ပွဲဝင် တင့်ကား ထုတ်ဖော်ပြသ
PUBLISHED - September 21, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၁
ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ တခြားခေတ်မီစနစ်များတပ်ဆင်ထားတဲ့ ပင်မတိုက်ပွဲဝင်တင့်ကားသစ် တစ် မျိုးကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြသလိုက်ပါတယ်။
ဘာရက် (Barak) လို့အမည်ပေးထားတဲ့ ဒီတင့်ကားသစ်ဟာ အစ္စရေးတပ်မတော်မှာတာဝန်ထမ်းဆောင်နေတဲ့ နာမည်ကျော် မာကာဗာပင်မတိုက်ပွဲဝင်တင့်ကားရဲ့ ပဉ္စမမြောက်မျိုးဆက်တင့်ကားအဖြစ် သတ်မှတ်ထားပါ တယ်။
ထုတ်လုပ်နေတာ ငါးနှစ်ကျော်ကြာပြီဖြစ်တဲ့ ဒီတင့်ကားသစ်ဟာ ရန်သူဘက်က မတိုက်ခိုက်ခင် ရန်သူ့ပစ်မှတ် တွေကို အမြန်ဆုံးချိန်ရွယ်ပစ်ခတ်နိုင်တဲ့တင့်ကားဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတင့်ကားမှာထည့်သွင်းထားတဲ့ AI စနစ်တွေက တင့်ကားတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေအရပ်ရပ် ရုတ်ချည်း တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးထားသလို ပစ်မှတ်ရှာဖွေရာမှာတိကျမှုကိုလည်း မြှင့်တင်ပေးထားတဲ့အတွက် တင့် ကားရဲ့ ပစ်မှတ်ရှာဖွေဖော်ထုတ်မှုစွမ်းရည်ကို မြင့်တက်စေတယ်လို့ဆိုပါတယ်။
“အခုထုတ်ဖော်ပြသလိုက်တဲ့ ဘာရက်တင့်ကားဟာ ရန်သူထောက်လှမ်းရှာဖွေနိုင်တဲ့စွမ်းရည်ကို မြှင့်တင်ပေး သွားမှာဖြစ်သလို လက်ရှိစစ်ပွဲတွေနဲ့ အနာဂတ်စစ်ပွဲတွေမှာ မိမိတင့်ကားကို ရန်သူရှာဖွေထောက်လှမ်းနိုင်စွမ်း လျှော့ချထားပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘာရက်ပင်မတိုက်ပွဲဝင်တင့်ကားကို အယ်လ်ဘစ်ကုမ္ပဏီ (Elbit Systems)၊ ရာဖေးကုမ္ပဏီ (Rafael)၊ အစ္စရေး လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း (Israel Aerospace Industries) တို့နဲ့အတူ အစ္စရေးသံချပ်ကာယာဉ်ညွှန် ကြားရေးမှူးရုံး၊ အစ္စရေးတပ်မတော်ခြေလျင်တပ်ဖွဲ့နဲ့ သံချပ်ကာတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ တာလို့ ဆိုပါတယ်။
ဒီတင့်ကားကို အခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး အစ္စရေးတပ်မတော် တင့်နဲ့ သံချပ်ကာတပ်ရင်းတွေမှာ တွဲဖက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဘာရက်တင့်ကားမှာ တပ်ဖွဲ့ဝင် ၄ ဦးပါရှိမှာဖြစ်ပြီး အရာရှိတစ်ဦး၊ ယာဉ်မောင်းတစ်ဦး၊ သေနတ်သမားတစ်ဦးနဲ့ ကျည်ဖြည့်စစ်သည်တစ်ဦး ပါရှိမှာဖြစ်ပါတယ်။
ဘာရက်တင့်ကားထဲမှာ အားထားရလောက်တဲ့အာရုံခံကိရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ထားသလို တင့်ကားထဲက အမိန့်ပေးအရာရှိအတွက် ဂျက်တိုက်လေယာဉ်လေသူရဲတွေအသုံးပြုတဲ့ ဦးထုပ်ပုံစံနဲ့ထပ်တူ ဆင်တူတဲ့ အယ်လ်ဘစ်ကုမ္ပဏီထုတ် ဦးထုပ်ကို တပ်ဆင်ပေးထားပါတယ်။
တင့်ကားအပေါ်ပိုင်းကို ၃၆၀ ဒီဂရီလှည့်ပတ်နိုင်တဲ့အတွက် တပ်ဖွဲ့ဝင်တွေ အပြင်ထွက်စရာမလိုဘဲ ရန်သူ့ပစ် မှတ်တွေကို လှည့်ပတ်ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် ဘာရက်တင့်ကားမှာ ဒုံးကျည်ကာကွယ်ရေးစနစ်တွေလည်း တပ်ဆင်ထားတယ်လို့ဆိုပါတယ်။
အစ္စရေးတပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ မာကာဗာ Mark 4 ပင်မတိုက်ပွဲဝင်တင့်ကားတွေကို အခုထုတ် ဖော်ပြသလိုက်တဲ့ ဘာရက်ပင်မတိုက်ပွဲဝင်တင့်ကားတွေနဲ့ တဖြည်းဖြည်း အစားထိုးသွားမှာဖြစ်ပါတယ်။
Ref: Israel Unveils AI-Enabled ‘Barak’ Next-Gen Battle Tank
#PeopleMedia