• Follow Us on
Latest News

Home အစ္စရေးကိုအထောက်အကူပြုဖို့အတွက် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အရှေ့ဘက်မြေထဲပင်လယ် ကို ဝင်ရောက်လာမည်

အစ္စရေးကိုအထောက်အကူပြုဖို့အတွက် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အရှေ့ဘက်မြေထဲပင်လယ် ကို ဝင်ရောက်လာမည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၉

 

အစ္စရေးနိုင်ငံကို ဟားမတ်စ်စစ်သွေးကြွတွေဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်စလုံး လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီးနောက် အစ္စရေးနိုင်ငံကို အထောက်အကူပြုကူညီဖို့အတွက် အမေရိကန်ရေတပ်က USS Gerald R. Ford လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စုကို အရှေ့ဘက် မြေထဲပင်လယ်ဒေ သကို ထွက်ခွာသွားဖို့ ကာကွယ်ရေးဝန်ကြီးအယ်လွိုက်သြစတင်က တနင်္ဂနွေနေ့က အမိန့်ပေးလိုက်ပါတယ်။

 

ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး/ ပျောက်ဆုံးနေတဲ့သူတွေကြားထဲမှာ အမေရိကန်နိုင်ငံသားတွေ လည်းပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

 

ခရူဇာစစ်သင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေ လိုက်ပါလာပြီး ခန့်မှန်းတပ်ဖွဲ့ဝင် ၅၀၀၀ ဝန်းကျင်နဲ့ လေယာဉ်တွေ တင်ဆောင်ထားတဲ့ USS Gerald R. Ford လေယာဉ်တင်သင်္ဘောဟာ အမေရိကန်ရေတပ်ရဲ့ ခေတ်အမီဆုံးနဲ့ နောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘောဖြစ်ပြီး အင်အားပြတဲ့အနေနဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။

 

USS Gerald R. Ford လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စုဟာ ဟားမတ်စ်စစ် သွေးကြွတွေဆီကို နောက်ထပ်လက်နက်တွေရောက်မလာအောင်ပိတ်ဆို့တားဆီးနိုင်ဖို့နဲ့ စောင့်ကြည့်ထောက် လှမ်းမှုတွေပြုလုပ်ဖို့ ထွက်ခွာလာမှာဖြစ်နိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

 

ဒေသတွင်းမှာ နောက်ထပ်စစ်ပွဲတွေတိုးချဲ့ဖြစ်ပွားလာတာမျိုး မဖြစ်ရအောင် အမေရိကန်က အခုလိုတပ်ဖြန့်ချ ထားပုံရပေမဲ့ အစ္စရေးအစိုးရကတော့ တနင်္ဂနွေနေ့က တရားဝင် စစ်ကြေညာလိုက်ပြီး ဟားမတ်စ်စစ်သွေးကြွ တွေကို လက်တုံ့ပြန်ဖို့အတွက် ပြတ်ပြတ်သားသားချေမှုန်းတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီးဖြစ်ပါတယ်။

 

ကနဦးသတင်းတွေအရသိရတာကတော့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နိုင်ငံသား ၄ ဦးထက်မနည်း သေ ဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

 

ဒါပေမဲ့ အဲဒီသေဆုံး/ပျောက်ဆုံး စာရင်းထဲက အများစုဟာ အမေရိကန်-အစ္စရေး နိုင်ငံသားနှစ်ခုခံယူထားသူ တွေလည်းဖြစ်တယ်လို့ တခြားသတင်းရင်းမြစ်တွေက ပြောပါတယ်။ လေယာဉ်တင်သင်္ဘော USS Gerald R. Ford နဲ့အတူ USS Normandy ခရူဇာစစ်သင်္ဘော၊ USS Thomas Hudner ဖျက်သင်္ဘော၊ USS Ramage ဖျက်သင်္ဘော၊ USS Carney ဖျက်သင်္ဘော၊ USS Roosevelt ဖျက် သင်္ဘောတို့ပါဝင်ပြီး ဒေသတွင်းက လေယာဉ်တင်သင်္ဘောက လေယာဉ်အုပ်စုတွေမှာလည်း F-35 ၊ F-16 ၊ A-10 ဂျက်တိုက်လေယာဉ်တွေကို အားဖြည့်ထားတယ်လို့ ဆိုပါတယ်။

 

“လိုအပ်လာရင် ဒီဟန့်တားမှုအတွက် ထပ်မံအားဖြည့်ဖို့ နိုင်ငံတကာအနေအထားအရ အမေရိကန်နိုင်ငံအနေနဲ့ ဆက်လက်အသင့်ပြင်ထားပြီးဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီး သြစတင်က ပြောပါတယ်။

 

ဒါ့အပြင် ဘိုင်ဒန်အစိုးရအနေနဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လိုအပ်တဲ့ ခဲယမ်းတွေအပါအဝင် နောက် ထပ်စစ်လက်နက်ပစ္စည်းနဲ့ ရင်းမြစ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ဒီကနေ့ ပို့ဆောင်ပေးလိုက်တဲ့ ပထမဦးဆုံးလုံခြုံရေးအကူအညီတွေဟာ လာမယ့်ရက်ပိုင်းအတွင်း ရောက်ရှိသွားမှာဖြစ်ကြောင်း သြစတင်က ပြောပါတယ်။

 

ပင်တဂွန်စစ်ဌာနချုပ်က ထိပ်တန်းအရာရှိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်တန်းအရာရှိတွေဟာ တနင်္ဂနွေ နေ့ညက အထက်လွှတ်တော်အမတ်တွေကို အခြေအနေတွေရှင်းပြခဲ့သလို အထက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် ချပ်ရှုးမားကလည်း “အမေရိကန်ပြည်ထောင်စုအနေနဲ့ အစ္စရေးလိုအပ်တာမှန်သမျှ အားလုံးကို ထောက်ပံ့သွားမှာဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။

 

Ref: The US will send a carrier strike group to the Eastern Mediterranean in support of Israel

 

#PeopleMedia


Share this post