အစ္စရေးကို ထောက်ပံ့ကူညီတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အီရန်ခြိမ်းခြောက်

PUBLISHED - October 10, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၁၀
အီရန်ကိုတိုက်ခိုက်ဖို့အတွက် မိမိတို့ လေကြောင်းပိုင်နက်နဲ့ စစ်စခန်းတွေကို အသုံးပြုခွင့်ပေးတဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကို လက်ခံမှာမဟုတ်ဘဲ အဲဒီလို လက်ခံခဲ့ရင် လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အီရန် အစိုးရက သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
ဒေသတွင်းလုံခြုံရေးနဲ့ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရာချီက ဆော်ဒီအာရေးဘီးယား၊ ကာတာနဲ့ တခြားပင်လယ်ကွေ့နိုင်ငံတွေကို သွားရောက်ပြီး ဆွေးနွေးနေစဉ်အတွင်း အခုသတိပေးချက် ထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ အစ္စရေးကို စုစည်းညီညွတ်စွာဆန့်ကျင်ရမှာဖြစ်ကြောင်း၊ မိမိတို့လေကြောင်းပိုင် နက်ကို အသုံးပြုခွင့်ပေးတာအပါအဝင် အစ္စရေးနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးမဆို လုပ်ဆောင်လာပါက အီရန်ကို ရန်လိုတဲ့အပြုမူအဖြစ် သတ်မှတ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ပြန်လည် လက်စားချေတုံ့ပြန်တိုက်ခိုက်မှာကို စိုးရိမ်နေကြစဉ်အတွင်း အီရန်က အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မကြာသေးခင်ကာလအတွင်းက လက်ဘနွန်နဲ့ ဆီးရီးယားမှာရှိတဲ့ ဟစ်ဘိုလာနဲ့ အီရန်စခန်းတွေကို အစ္စရေးက တောက်လျှောက်တိုက်ခိုက်လျက်ရှိရာ ဒေသတွင်း အစ္စရေးနဲ့ အီရန် တိုက်ရိုက်စစ်ဖြစ်လာမှာကို စိုးရိမ်နေကြ ပါတယ်။
တင်းမာမှုတွေမြင့်တက်နေတဲ့ကြားမှာ အီရန်ကို စစ်ရေးအရ အရေးယူဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး အမေရိ ကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုတို့ ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းတွက် ချက်ထားပါတယ်။
ဒေသတွင်း ပိုမိုကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုဖြစ်မလာအောင် ရှောင်ရှားဖို့အတွက် အစ္စရေးရဲ့လက်တုံ့ပြန် တိုက်ခိုက်မယ့်အစီအစဉ်အပေါ် အမေရိကန်က သြဇာလွှမ်းမိုးဖို့ စိတ်အားထက်သန်နေတယ်လို့ဆိုပါတယ်။
သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးက အီရန်နျူကလီးယားဓာတ်ပေါင်းဖိုတွေကို တိုက်ခိုက်မှာကို မထောက်ခံသလို ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်သွားနိုင်တဲ့အတွက် အီရန်ရေနံချက်စက်ရုံတွေကို မတိုက်ခိုက်ဖို့လည်း အစ္စရေးကို သတိပေးထားတယ်လို့ ဆိုပါတယ်။
အစ္စရေးက လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ရေနံချက်စက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ပေမဲ့လည်း ပင် လယ်ကွေ့နိုင်ငံတွေနဲ့ ဆွေးနွေးနေတာဟာ ရေနံထုတ်လုပ်ရေးကိစ္စနဲ့ မပတ်သက်ကြောင်း အီရန်နိုင်ငံခြားရေးဝန် ကြီးက ပြောပါတယ်။
ဆော်ဒီအာရေဘီးယားဦးဆောင်တဲ့ ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံများအသင်း (OPEC) မှာ အီရန်ရေနံထောက်ပံ့မှု ပျက်စီးသွားခဲ့ရင် အစားထိုးရောင်းချပေးနိုင်တဲ့ သီးခြားစွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အစ္စရေးကို ထောက်ပံ့နေတဲ့နိုင်ငံတွေကို ကြားထဲကဝင်ရောက်ကူညီခဲ့ရင် အဲဒီကူညီတဲ့နိုင်ငံတွေရဲ့ ဒေသတွင်းအကျိုးစီးပွားတွေ ပစ်မှတ်ဖြစ်သွားနိုင်တယ်လို့ အီရန်က သတိပေးခြိမ်းခြောက်ထားပါတယ်။
Ref: Iran warns Gulf states against allowing airspace for Israeli attacks
#PeopleMedia