အစ္စရေးကို လူသတ်လိုင်စင်မပေးဖို့ လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးပြော
PUBLISHED - July 30, 2024
နိုင်ငံတကာ၊ ဇူလိုင် ၃၀
ဂိုလန်ကုန်းမြင့်ပေါ်က ဘောလုံးကွင်းတစ်ခုကို ရော့ကက်နဲ့ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပေမဲ့ အဲဒီဖြစ်စဉ်ဟာ အစ္စရေးကို “လူသတ်လိုင်စင်” ပေးလိုက်တာမဟုတ်ကြောင်း လက်ဘနွန်နိုင်ငံခြား ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ကလေးသူငယ်နဲ့ ဆယ်ကျော်သက် ၁၂ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဖြစ်စဉ် နဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ အမေရိကန်က ဟစ်ဘိုလာအဖွဲ့ကို ပြစ်တင်ရှုတ်ချခဲ့ပေမဲ့ ဟစ်ဘိုလာအဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုကို ၎င်းတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
အဲဒီနေရာဟာ အစ္စရေးက သိမ်းပိုက်ထားတဲ့ ဆီးရီးယားနယ်မြေဖြစ်ပြီး နေထိုင်သူတွေကလည်း ဆီးရီးယားလူ မျိုးတွေဖြစ်တာကြောင့် လက်တုံ့ပြန်တိုက်ခိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာမဟုတ်ဘူးလို့ လက် ဘနွန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဘူဟတ်ဘိက Sky News သတင်းဌာနကို ပြောပါတယ်။
စနေနေ့က တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ ၎င်းအနေနဲ့ မသိကြောင်း၊ ဒီတိုက်ခိုက်မှုအတွက် အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂကို တောင်းဆိုကြောင်း ၎င်းက ပြောပါတယ်။
“ကျွန်တော့်အတွေးကတော့ ဟစ်ဘိုလာတွေက ဘာလို့ အာရပ်တွေကို သတ်ရမှာလဲ။ ဘာလို့ ဆီးရီးယားတွေကို သတ်ရမှာလဲ။ ဟစ်ဘိုလာတွေဟာ အစ္စရေးစစ်စခန်းတွေကိုပဲ အမြဲ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အ ရပ်သားတွေကို တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
“ဒီဖြစ်စဉ်ကြည့်ရတာ ယုတ္တိမတန်ဘူးဖြစ်နေတယ်။ ကျွန်တော်က ဟစ်ဘိုလာတွေ ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တယ်၊ မလုပ်ခဲ့ဘူးလို့ ပြောနေတာ မဟုတ်ဘူးနော်။ ကျွန်တော်ပြောနေတာက ဟစ်ဘိုလာတွေ အခုလို တိုက်ခိုက်ခဲ့ တယ်ဆိုတာ ယုတ္တိမတန်ဘူးလို့ ပြောနေတာပါ။” လို့ ၎င်းက ပြောပါတယ်။
အဲဒီဒုံးကျည်ဟာ မက်ဒယ်လ်ရှမ်းစ်မြို့က ကျေးရွာတစ်ခုကို ထိမှန်ခဲ့တာဖြစ်ပါတယ်။
အဲဒီမြို့ဟာ ဂိုလန်ကုန်းမြင့်ပေါ်က လူဦးရေ ၄၀၀၀၀ အနက် တစ်ဝက်ကျော်လောက်ဖြစ်တဲ့ ဒရုဇ်လူမျိုးစုတွေ နေထိုင်တဲ့ နေရာဖြစ်ပါတယ်။
ဂိုလန်ကုန်းမြင့်ဟာ ၁၉၆၇ ခုနှစ် (ခြောက်ရက်စစ်ပွဲ) အရှေ့အလယ်ပိုင်းစစ်ပွဲအပြီးမှာ အစ္စရေးက သိမ်းပိုက်ထား တဲ့နေရာဖြစ်ပြီး အဲဒီသိမ်းပိုက်မှုကို နိုင်ငံအများအပြားက အသိအမှတ်မပြုခဲ့ပါဘူး။
“ဒါ့ကြောင့် ဒီတိုက်ခိုက်မှုဖြစ်စဉ်ဟာ အစ္စရေးတွေ ဂါဇာမှာ တိုက်ခိုက်နေသလို သူတို့ကို လူသတ်လိုင်စင်ပေး လိုက်တာ မဟုတ်ပါဘူး။” လို့ နိုင်ငံခြားရေးဝန်ကြီး ဘူဟတ်ဘိက ပြောပါတယ်။
“ကမ္ဘာကြီးက အစ္စရေးကို လူသတ်လိုင်စင် မပေးသင့်ပါဘူး။ သေဆုံးသွားသူတွေဟာ အစ္စရေးတွေ မဟုတ်ပါ ဘူး။ သူတို့ဟာ ဆီးရီးယားတွေပါ။” လို့ ၎င်းက ပြောပါတယ်။
Ref: Israel has no self-defence claim over Golan Heights, says Lebanon
#PeopleMedia