အစ္စရေးက အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတာကို အာရပ် ၉ နိုင်ငံ ပြစ်တင်ရှုတ်ချ၊ ဂါဇာမြောက်ပိုင်း ကို အစ္စရေးညဘက်ဝင်ရောက်စီးနင်း
PUBLISHED - October 27, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၇
အာရပ်စော်ဘွားများသမ္မတနိုင်ငံ (UAE) ၊ ဂျော်ဒန်၊ ဘာရိန်း၊ ကာတာ၊ ကူဝိတ်၊ ဆော်ဒီအာရေးဗီးယား၊ အိုမန်၊ အီဂျစ်နဲ့ မော်ရိုကိုနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဂါဇာဒေသမှာ အစ္စရေးတပ်တွေရဲ့ အရပ်သားတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချကြောင်း ကြာသပတေးနေ့ (အောက်တိုဘာလ ၂၆ ရက်နေ့) က ကြေညာလိုက်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုအပြီး အစ္စရေးနိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင် ခွင့်ဟာ ဥပဒေချိုးဖောက်ဖို့နဲ့ ပါလက်စတိုင်းတွေရဲ့အခွင့်အရေးကို လျစ်လျူရှုဖို့ မဟုတ်ကြောင်း အာရပ်နိုင်ငံ တွေရဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကတော့ ၎င်းတို့အနေနဲ့ နောက်ထပ်စစ်ဆင်ရေးတစ်ဆင့်တက်လှမ်းဖို့ ကြိုတင်ပြင် ဆင်တဲ့အနေနဲ့ ဂါဇာမြောက်ပိုင်းဒေသကို ညဘက်ဝင်ရောက်စီးနင်းခဲ့ကြောင်း ပြောပါတယ်။
“ညဘက်ဝင်ရောက်စီးနင်းစဉ်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေခိုအောင်းနေတဲ့နေရာတွေ၊ အခြေခံအဆောက်အဦတွေနဲ့ တင့်ဖျက်ဒုံးကျည်ပစ်ခတ်တဲ့နေရာတွေကို ရှာဖွေဖော်ထုတ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ဆင်ရေးကြိုတင်ပြင်ဆင်မှုအနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။” လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဂီဗတီတပ်မဟာ စစ်ဆင်ရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် တင့်ကားတွေကို အသုံး ပြုခဲ့ပြီး ဝင်ရောက်စီးနင်းမှုပြီးတာနဲ့ အဲဒီနေရာကနေ အစ္စရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာခဲ့တယ်လို့ အစ္စရေး စစ်ဘက်က ပြောပါတယ်။
အခုဝင်ရောက်စီးနင်းမှုဟာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးဘက်ကပြုလုပ်မယ့် မြေပြင်ထိုးစစ်ရဲ့အစိတ်အ ပိုင်းတစ်ရပ်မဟုတ်ဘူးလို့ဆိုပါတယ်။
ဒါပေမဲ့ အစ္စရေးက မြေပြင်ထိုးစစ်ကြီးဆင်နွှဲလိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့အချိန်မှာ အခုလို ညဘက်ဝင် ရောက်စီးနင်းမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမိန့်ခွန်းတစ်ခုမှာတော့ အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို မြေ ပြင်ထိုးစစ်ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ်နတန်ယာဟုက ပြောဆိုခဲ့ပေမဲ့ ဘယ်အချိန်ဆောင်ရွက်မယ် ဆိုတာကိုတော့ အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။
နောက်ထပ်ပြုလုပ်မယ့် စစ်ဆင်ရေးဟာ မြေပြင်ထိုးစစ်ဖြစ်ချင်မှ ဖြစ်လိမ့်မယ်လို့ ကနဦးက အစ္စရေးစစ်ဘက် အ ရာရှိတွေက ပြောကြားခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ ဂါဇာဒေသမှာ လောင်စာဆီတွေပြတ်လပ်တော့မှာဖြစ်လို့ လုပ်ငန်းတွေရပ်တန့်သွားလိမ့်မယ် လို့ ကုလသမဂ္ဂလူသားချင်းစာနာရေးအကူအညီတွေဆောင်ရွက်နေတဲ့အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အကူအညီအထောက်အပံ့တွေ ဝင်ရောက်လို့ရအောင် အချိန်တိုအပစ်အခတ် ရပ်စဲပေးဖို့ အစ္စရေးကိုတောင်းဆိုထားသလို အစ္စရေးအနေနဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
Ref: Nine Arab countries condemn the targeting of civilians in Gaza; Israel launches overnight raid
#PeopleMedia