အစ္စရေးခေါင်းဆောင်နဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို တစ်တန်းတည်းထားပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားမယ် ဆိုတဲ့ ICC ကြေညာချက် ဘိုင်ဒန်ပြစ်တင်ရှုတ်ချ
PUBLISHED - May 21, 2024
နိုင်ငံတကာ၊ မေ ၂၁
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က အမေရိကန်ရဲ့ထိပ်တန်းမဟာမိတ်နိုင်ငံဖြစ်တဲ့ အစ္စရေးခေါင်းဆောင် တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ဟားမတ်စ်ခေါင်းဆောင်တွေကို တစ်တန်းတည်းထားပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားတာကို အမေရိကန်ဘိုင်ဒန်အစိုးရက တနင်္လာနေ့ (မေလ ၂၀ ရက်နေ့) ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ် ချလိုက်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံကိုတိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲစစ်ပွဲကြောင့် ပါလက်စတိုင်းလူ မျိုးအများအပြားသေဆုံးမှုအတွက် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုနဲ့ ဟားမတ်စ်ခေါင်းဆောင်ယား ဟယာဆင်ဝါတို့အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးမိန့်ထုတ်ဖို့ ICC က ကြိုးပမ်းနေကြောင်း တနင်္လာနေ့က CNN နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ICC ရှေ့နေ ကာရမ်ခန်းက ပြောပါတယ်။
တရားစွဲဆိုရေးအဖွဲ့ဟာ အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက်ဂါးလန့်နဲ့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တွေ ကိုလည်း ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေကြောင်း ခန်းက ပြောပါတယ်။
တနင်္လာနေ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ ICC ရဲ့ ကြိုးပမ်းမှုကို တရားလက်လွန်လက်မခံနိုင်စရာ အပြုအမူအဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။
“ကျွန်တော်ရှင်းရှင်းပဲပြောပါမယ်။ ဒီရှေ့နေက ဘယ်လိုပဲပြောပြော အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြားမှာ ထပ်တူ နှိုင်းယှဉ်ပြစရာအကြောင်း ဘာမှမရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။
ဂျူးအမေရိကန်အမွေအနှစ်လတုန်းက အိမ်ဖြူတော်ဧည့်ကြိုဌာနမှာ ပြောကြားခဲ့သလိုပဲ “ဖမ်းဝရမ်းထုတ်ဖို့ ICC ရဲ့ ကြိုးပမ်းမှုဟာ အခြေအမြစ်မရှိတဲ့ဆောင်ရွက်ချက်ဖြစ်ကြောင်း ဘိုင်ဒန်က ထပ်မံပြော ကြားပါတယ်။
“အရပ်သားတွေကို ကာကွယ်ဖို့အတွက် အစ္စရေးက ၎င်းတို့လုပ်နိုင်တာကို လုပ်တယ်ဆိုတာ ရှင်းပါတယ်။ ကျွန် တော်ရှင်းရှင်းပဲ ပြောချင်တယ်။ အခုဖြစ်ပျက်နေတာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ပါဘူး။” လို့ ဘိုင်ဒန် က ပြောပါတယ်။
ICC ရဲ့ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ICC ရှေ့နေ ကာရမ်ခန်းက ပယ်ချလိုက်ပြီး “တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။” လို့ ပြောလိုက်ပါတယ်။
အမေရိကန်ရော အစ္စရေးနိုင်ငံပါ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ နတန်ယာဟု ဒါမှမဟုတ် ဂါးလန့်တို့ကို ICC က ဖမ်းဝရမ်းထုတ်ခဲ့တယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ကြောင့်
အစ္စရေးခေါင်းဆောင်တွေအနေနဲ့ အမေရိကန်ရဲ့ထိပ်တန်းမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ ဂျာမနီတို့ပါဝင်တဲ့ ICC အဖွဲ့ဝင် ၁၂၄ နိုင်ငံကို ခရီးသွားလာဖို့ အလွန်ခက်ခဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ICC က ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းဟာ ကမ္ဘာတစ်ဝန်းပြစ် တင်ဝေဖန်မှုတွေနဲ့ ပြန့်နှံ့နေပါတယ်။
ဗြိတိန်နိုင်ငံကတော့ “ICC ရဲ့ ကြိုးပမ်းမှုဟာ စစ်ပွဲတွေရပ်ဆိုင်းဖို့အတွက် ဘာမှအထောက်အကူမပြုဘူး။” လို့ ပြောပါတယ်။
ICC ရဲ့ကြေညာချက်ဟာ စစ်ဖြစ်နေတဲ့အဖွဲ့တွေကြားမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေလွတ်မြောက်ရေး အတွက် ထိခိုက်စေနိုင်ကြောင်းပြောဆိုရင်း ICC ကြေညာချက်ကို အမေရိကန်ပြည်ထောင်စုက ပယ်ချလိုက် ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။
Ref: Biden denounces ICC for ‘outrageous’ implication of equivalence between Israel and Hamas
#PeopleMedia