အစ္စရေးစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ အစ္စလာမ်မစ်နိုင်ငံတွေကို အီရန်သမ္မတ တောင်းဆို
PUBLISHED - November 13, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃
ဂါဇာကမ်းမြောင်ဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကို ရည်ညွှန်းပြီး အစ္စရေးတပ်မတော်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တရားဝင်ကြေညာသတ်မှတ်ဖို့ အစ္စလာမ်မစ်နိုင်ငံအစိုးရတွေကို အီရန်သမ္မတအီဘရာဟမ် ရိုင်ဆီက စနေနေ့ (နိုဝင်ဘာလ ၁၁ ရက်နေ့) က တောင်းဆိုလိုက်ပါတယ်။
“အစ္စလာမ်မစ်အစိုးရတွေအနေနဲ့ ကျူးကျော်သိမ်းပိုက်လာတဲ့ စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်အဖြစ် တရားဝင်သတ်မှတ်သင့်ပါတယ်။” လို့ ရိုင်ဆီက ဆော်ဒီအာရေးဗီးယားနိုင်ငံမြို့တော် ရီယာ့ဒ်မှာကျင်းပတဲ့ အာ ရပ်/မူဆလင်ခေါင်းဆောင်များအစည်းအဝေးမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
အရပ်သားအများအပြားပါဝင်တဲ့ အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၂၄၀ ဝန်းကျင် ဓားစာခံအဖြစ်အ ဖမ်းခံခဲ့ရတဲ့ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အာရပ်အဖွဲ့ချုပ် နဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့ရဲ့ အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့တာပဲဖြစ်ပါတယ်။
အစ္စရေးရဲ့ ပြင်းထန်လှတဲ့လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် လေကြောင်းနဲ့ မြေပြင်ကနေ တိုက်ခိုက်ခဲ့ရာမှာ က လေးသူငယ်နဲ့ အရပ်သားအများစုပါဝင်တဲ့ ပါလက်စတိုင်းလူမျိုး ၁၁၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးနဲ့ ဆက်ဆံနေတဲ့နိုင်ငံတွေအနေနဲ့ အစ္စရေးနိုင်ငံကို အဆက်အသွယ်ဖြတ်တောက်ပြီး ပါလက်စတိုင်းကို ပိုမိုထောက်ပံ့ပေးဖို့ ရိုင်ဆီက တိုက်တွန်းလိုက်ပါတယ်။
ဒီခရီးစဉ်ဟာ အီရန်နဲ့ ဆော်ဒီအာရေးဗီးယားတို့ မတ်လအတွင်းမှာ ဆက်ဆံရေးပြန်လည်စတင်ဖို့သဘောတူညီ ခဲ့ကြပြီးနောက် ရိုင်ဆီရဲ့ ဆော်ဒီနိုင်ငံကို ပထမဦးဆုံးလာရောက်ခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
အစ္စလာမ်မစ်နိုင်ငံတွေဆောင်ရွက်ရမယ့် အရေးကြီးအဆင့်တွေအဖြစ် တိုက်တွန်းရာမှာ “ဇီယွန်ဝါဒီအစိုးရနဲ့ နိုင်ငံရေးအရဖြစ်စေ စီးပွားရေးအရဖြစ်စေ ပူးပေါင်းဆောင်ရွက်မှုတွေကို ဖြတ်တောက်ပစ်ဖို့” ရိုင်ဆီက တောင်း ဆိုခဲ့ပါတယ်။
ဇီယွန်ဝါဒီအစိုးရကို ကုန်သွယ်ရေးသပိတ်မှောက်မှုအဖြစ် အကောင်အထည်ဖော်ရာမှာ စွမ်းအင်ကဏ္ဍဖြတ် တောက်မှုကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေကို ထောက်ပံ့ပေးနေတဲ့ အီရန်နိုင်ငံရဲ့ သမ္မတဖြစ်သူရိုင်ဆီဟာ အစ္စရေးနိုင်ငံကို ဘဏ္ဍာရေးနဲ့ စစ်ရေးအရ ထောက်ပံ့မှုတွေပေးနေတဲ့ အမေရိကန်ပြည်ထောင်စုကိုလည်း ပြစ်တင်ရှုတ်ချလိုက် ပါတယ်။
“ဇီယွန်နစ်အစိုးရ စစ်ယန္တရားနဲ့ လောင်စာဆီဖြည့်ပေးနေတဲ့ အမေရိကန်တွေကိုပါ ပြစ်တင်ရှုတ်ချရမှာဖြစ်ပါ တယ်။ အမေရိကန်အစိုးရဆိုတာ ဒီရာဇဝတ်မှုကြီးကို ကြီးကြပ်ကွပ်ကဲသူဖြစ်သလို အဓိကကြံရာပါနိုင်ငံလည်း ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Iran Asks Muslim Countries to Designate Israel Army ‘Terrorist Organisation’
#PeopleMedia