အစ္စရေးစွပ်စွဲချက် အံ့သြတုန်လှုပ်မိပြီး စံနှုန်းနှစ်မျိုးကို ပယ်ချကြောင်း ကာတာပြော
PUBLISHED - October 26, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆
ကာတာနိုင်ငံဟာ ဟားမတ်စ်စစ်သွေးကြွအုပ်စုကို ငွေကြေးထောက်ပံ့ကူညီနေကြောင်း အစ္စရေးနိုင်ငံခြားရေးဝန် ကြီးရဲ့စွပ်စွဲချက်ကို ကာတာဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရှိတ်ခ်မိုဟမ်မက်ဘင်အဗ္ဗဒူလာမန်အယ်လ် သာနီက အံ့သြတုန်လှုပ်မိကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့က ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန် ချက်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ကာတာနိုင်ငံအနေနဲ့ ဓားစာခံတွေလွတ်မြောက်ရေးနဲ့ တင်းမာမှုတွေလျော့ကျရေးအတွက် နည်းလမ်းတွေကြိုး စားရှာဖွေနေချိန်မှာ အစ္စရေးအရာရှိတချို့ရဲ့ စွပ်စွဲချက်တွေကို အံ့သြတုန်လှုပ်မိကြောင်း အယ်လ်သာနီက ထုတ် ပြန်ချက်ထဲမှာ ပြောပါတယ်။
“အခုလို ရန်လိုတဲ့ပြောဆိုချက်တွေဟာ လက်ရှိဆောင်ရွက်နေတဲ့ ကြိုးပမ်းမှုတွေကို မှေးမှိန်စေပြီး အန္တရာယ်ရှိ လာစေနိုင်တဲ့အပြင် ဒီပြောဆိုချက်တွေဟာ နိုင်ငံရေးအရ ခြိမ်းခြောက်အကျပ်ကိုင်ပြီး ဝါဒဖြန့်ချိရေးလုပ်နေတဲ့ ဘောင်ထဲကပဲ နားလည်နိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အဖွဲ့အစည်း/နိုင်ငံအားလုံးဟာ ကာတာနိုင်ငံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို လေးလေး စားစား အသိအမှတ်ပြုပြီး ကူညီလိမ့်မယ်လို့ ၎င်းအနေနဲ့ မျှော်လင့်ထားကြောင်း ကာတာဝန်ကြီးချုပ်ကပြောပါတယ်။
ကာတာနိုင်ငံဟာ ဟားမတ်စ်အဖွဲ့ကို ငွေကြေးထောက်ပံ့ကူညီနေပြီး ဟားမတ်စ်ခေါင်းဆောင်တွေကို ခိုလှုံခွင့်ပေး ထားကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလိုင်ကိုဟန်က အင်္ဂါနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) ကကျင်း ပခဲ့တဲ့ ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဟားမတ်စ်အဖွဲ့ကို ငွေကြေးထောက်ပံ့ပြီး ဟားမတ်စ်ခေါင်းဆောင်တွေကို ခိုလှုံခွင့်ပေးထားတဲ့ ကာတာနိုင်ငံဟာ အဲဒီအဖွဲ့အပေါ် သြဇာလွှမ်းမိုးမှုရှိသလို အကြမ်းဖက်သမားတွေဖမ်းဆီးထားတဲ့ ဓားစာခံတွေ ချွင်းချက်မရှိ ပြန် လည်လွတ်မြောက်ရေးအတွက်လည်း စွမ်းဆောင်နိုင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ကာတာနိုင်ငံကို အဲဒီလိုလုပ်ပေးဖို့ တောင်းဆိုရမှာဖြစ်ပါတယ်။” လို့ ကိုဟန်က ပြောပါတယ်။
“လူ့အသက်ဆိုတာ တန်ဖိုးထားကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။ တခြားတစ်နေရာမှာ အရပ်သားတွေကို သတ်ဖြတ်တာကို ပြစ်တင်ရှုတ်ချပြီး နောက်ထပ်တစ်နေရာမှာ အရပ်သားတွေကိုသတ်ဖြတ်တာ တရားမျှတပါ တယ်လို့ ပြောဆိုခွင့်ပြုဖို့ လက်ခံစရာမဟုတ်ပါဘူး။ ဒီပဋိပက္ခနဲ့ပတ်သက်ပြီး စံနှုန်းနှစ်မျိုးနဲ့ ကိုင်တွယ်ဖြေရှင်းနေ တာကို ကာတာနိုင်ငံက လုံးဝ ကန့်ကွက်ပယ်ချပါတယ်။” လို့ အယ်လ်သာနီက ပြောပါတယ်။
“နိုင်ငံတကာဥပဒေကိုချိုးဖောက်ခဲ့တဲ့ အဖွဲ့အစည်းတွေဟာ တာဝန်ခံဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အင်အားကိုအခြေခံတဲ့စဉ်းစားနည်းက အကြောင်းတရားကိုအခြေခံတဲ့စဉ်းစားနည်းကို အနိုင်ယူလွှမ်းမိုးသွားပါ လိမ့်မယ်။” လို့ အယ်လ်သာနီက ပြောပါတယ်။
ဒီကနေ့အချိန်အထိ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၆၅၄၆ ကျော် သေဆုံးသွားပြီဖြစ်ပြီး အစ္စရေး ဘက်ကတော့ အစ္စရေးတပ်ဖွဲ့ဝင် ၃၀၈ ဦးအပါအဝင် ၁၄၀၀ ဝန်းကျင်သေဆုံးသွားပြီဖြစ်ပါတယ်။
Ref: Qatar surprised and dismayed by Israeli foreign minister statement at the UN
#PeopleMedia