• Follow Us on

Home အစ္စရေးတပ်များ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းကို မြေပြင်ထိုးစစ်ဆင်

အစ္စရေးတပ်များ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းကို မြေပြင်ထိုးစစ်ဆင်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

 

ဟားမတ်စ်အဖွဲ့က ဓားစာခံ ၁၀၀ ကျော်ပြန်လွှတ်ပေးလိုက်သလို အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ပြန်လွှတ်ပေးခဲ့တဲ့ တစ်ပတ်ကြာယာယီအပစ်အခတ်ရပ်စဲရေးကာလ ကုန်ဆုံးသွားပြီးနောက် မြေပြင်ထိုးစစ် ကို ဆက်လက်အရှိန်မြှင့်တင်နေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားလိုက်ပါတယ်။

 

ဂါဇာမြောက်ပိုင်းမှာ မြေပြင်ထိုးစစ်ဆောင်ရွက်ပြီးစီးလုနီးပါးရှိနေပြီဖြစ်ကြောင်း အစ္စရေးစစ်ဘက်ခေါင်းဆောင်က ပြောကြားပြီးတဲ့နောက် အစ္စရေး တင့်ကားတွေ၊ စစ်သည်တင်သံချပ်ကာယာဉ်တွေနဲ့ ဘူဒိုဇာတွေဟာ ခန်ယူနစ် မြို့အနီးက ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းကို ထိုးဖောက်ဝင်ရောက်လာပြီဖြစ်ပါတယ်။

 

အစ္စရေးစစ်ယာဉ်တန်းတွေဟာ ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကိုသွားတဲ့ လမ်းကြောင်းပေါ်မှာရှိနေပြီး နယ် မြေတစ်လျှောက်ဖြတ်သန်းသွားလာဖို့ ကြိုးစားနေတဲ့ မော်တော်ကားတွေနဲ့ လူတွေကို သေနတ်တွေ၊ တင့်ကား အမြောက်တွေနဲ့ ပစ်ခတ်နေတယ်လို့ မိုးအက်ဇ်မိုဟာမက်က AFP သတင်းဌာနကို ပြောပါတယ်။

 

ဂါဇာအလယ်ပိုင်းဒေသ နေရာ ၂၀ ဝန်းကျင်လောက်မှာရှိတဲ့ ပါလက်စတိုင်းလူမျိုးတွေကို တောင်ပိုင်းကို ထပ်မံ ပြောင်းရွှေ့သွားဖို့ အစ္စရေးစစ်တပ်က နောက်ထပ်ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီးချိန်မှာ အခုလို အစ္စရေးမြေပြင် တပ်ဖွဲ့တွေ အရှိန်မြှင့်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

 

အစ္စရေးတပ်တွေက အခုလို ဂါဇာတောင်ပိုင်းကို ဖိအားပေးပြောင်းရွှေ့ခိုင်းနေတဲ့အတွက် ဒေသတွင်းမှာ ပြည့် ကျပ်နေပြီး လေယာဉ်ဗုံးဒဏ်ကြောင့် ထွက်ပြေးနေရတဲ့ ပါလက်စတိုင်းလူထုကြီးဟာ စိုးရိမ်ပူပန်မှုတွေမြင့်တက် နေပါတယ်။

 

အစ္စရေးတပ်တွေက ၎င်းတို့ကို တောင်ပိုင်းကို အတင်းပြောင်းရွှေ့ခိုင်းနေပေမဲ့ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံး မှာ အရပ်သားတွေခိုလှုံနိုင်ဖို့ ဘေးကင်းတဲ့နေရာဆိုလို့ လုံးဝမရှိကြောင်း ဂါဇာကမ်းမြောင်ဒေသခံတွေက ပြော ပါတယ်။

 

တပြိုင်တည်းမှာပဲ ဂါဇာကမ်းမြောင်ထဲကနေ ဟားမတ်စစ်သွေးကြွတွေကလည်း အစ္စရေးနိုင်ငံထဲကို ရော့ကက် တွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေပါတယ်။

 

အရပ်သားတွေကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရေးသတိထားဖို့ အမေရိကန်အစိုးရက အစ္စရေးအစိုးရကို သတိ ပေးတောင်းဆိုနေစဉ်အတွင်းမှာပဲ အစ္စရေးရဲ့ အင်အားပြင်းလှတဲ့ ထိုးစစ်အသစ်ကြောင့် ထိတ်လန့်တုန်လှုပ်သွား ခဲ့ရတယ်လို့ အမေရိကန်ထိပ်တန်း အရာရှိတစ်ဦးက NBC သတင်းဌာနကို ပြောပါတယ်။

 

တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့အတွက် အစ္စရေးနိုင်ငံထဲမှာရှိတဲ့ ဓားစာခံမိသားစုတွေက ဟားမတ်စ်တွေ လက်ထဲမှာရှိတဲ့ ၎င်းတို့ရဲ့မိသားစုဝင်ဓားစာခံတွေအတွက် စိုးရိမ်ပူပန်နေတယ်လို့ပြောပါတယ်။

 

ဂါဇာဒေသအပြင်ဘက် ပင်လယ်နီထဲမှာတော့ အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေ က မနေ့က ကုန်တင်သင်္ဘော ၄ စီးကို တိုက်ခိုက်ခဲ့သလို အမေရိကန်စစ်သင်္ဘောတစ်စီးကလည်း ဟူသီသူပုန် တွေပစ်လွှတ်လိုက်တဲ့ ဒရုန်း ၃ စင်းကို ပစ်ချခဲ့ပါတယ်။

 

ဂါဇာစစ်ပွဲကြောင့် အစ္စရေးဘက်မှာ လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ဂါဇာဒေသက ပါလက်စတိုင်းလူမျိုး ၁၅၈၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။

 

ဟားမတ်စ်တွေလက်ထဲမှာ ဓားစာခံ ၁၄၀ ဝန်းကျင် ကျန်ရှိနေဆဲဖြစ်သလို ပါလက်စတိုင်းလူမျိုး ၁.၉ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

 

Ref: IDF expands ground offensive into southern Gaza

 

#PeopleMedia


Share this post