• Follow Us on

Home အစ္စရေးနိုင်ငံထဲကနေ ထိုင်းနိုင်ငံသားတွေကယ်ထုတ်ရေး ပုဂ္ဂလိကလေကြောင်းလိုင်းတွေ ထိုင်းအစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်မည်

အစ္စရေးနိုင်ငံထဲကနေ ထိုင်းနိုင်ငံသားတွေကယ်ထုတ်ရေး ပုဂ္ဂလိကလေကြောင်းလိုင်းတွေ ထိုင်းအစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၂

 

အစ္စရေးနိုင်ငံမှာရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက လူဦးရေ ၅,၀၀၀ ကျော်ကို ဘေးကင်းလုံခြုံရာ သယ် ယူရွှေ့ပြောင်းပေးဖို့အတွက် နောက်ထပ် လေယာဉ် ၄ စင်း ထပ်မံရရှိဖို့ ပုဂ္ဂလိကလေကြောင်းလိုင်းတွေနဲ့ ပေါင်း စပ် ညှိနှိုင်းဆောင်ရွက်နေကြောင်း ထိုင်းဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်ထာထာဗီဆင်က အောက်တို ဘာလ ၁၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။

 

ထိုင်းလူမျိုး ၃၀,၀၀၀ ဝန်းကျင်ဟာ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွတွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ဖြစ်ပွားနေတဲ့ အစ္စရေးနိုင်ငံမှာ နေထိုင်လျက်ရှိပါတယ်။

 

အစ္စရေးနိုင်ငံမှာရှိနေတဲ့ ထိုင်းလူမျိုး ၅,၀၀၀ ကျော်ဟာ မိခင်နိုင်ငံကို ပြန်ချင်နေကြတယ်လို့ ပြောဆိုခဲ့ကြောင်း တဲလာဗီမြို့မှာရှိတဲ့ ထိုင်းသံရုံးက ပြောပါတယ်။

 

မိခင်နိုင်ငံကိုပြန်မယ့် ထိုင်းနိုင်ငံသား ပထမအသုတ်ကိုတင်ဆောင်ထားတဲ့လေယာဉ်ဟာ အစ္စရေးနိုင်ငံကနေ ကြာသပတေးနေ့ မနက်ပိုင်းမှာထွက်ခွာလာမှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

ပထမအသုတ်နဲ့ ပါလာမယ့် ထိုင်းနိုင်ငံသား ၁၅ ဦးအနက် ၄ ဦးဟာ ဒဏ်ရာရရှိထားကြောင်း ထိုင်းသံရုံးက ပြော ပြီး အဲဒီလေယာဉ်ဟာ ထိုင်းနိုင်ငံကို ကြာသပတေးနေ့ ၁၁ နာရီ ၂၂ မိနစ်ဝန်းကျင်မှာဆိုက်ရောက်လာမှာဖြစ် တယ်လို့ ဆိုပါတယ်။

 

အစ္စရေးအစိုးရက နိုင်ငံထဲကလမ်းတွေ လေးငါးခုကို ပိတ်ထားတဲ့အတွက် ထိုင်းသံရုံးကိုသွားတဲ့အခါ အစ္စရေး တပ်မတော်ကထောက်ပံ့ထားတဲ့ ယာဉ်တွေနဲ့ သွားလာရမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

 

ထိုင်းလူမျိုးတွေ ဘေးကင်းလုံခြုံရာကို ရွှေ့ပြောင်းသယ်ယူနိုင်ရေး ဒေသခံအာဏာပိုင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ဖို့အတွက် တော်ဝင်ထိုင်းတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးဆောင်းဝစ်နန်းပတ်ဒီးကို တာဝန်ပေး ထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

စစ်ပွဲဟာ တဖြည်းဖြည်းအရှိန်မြင့်လာတဲ့အတွက် ထိုင်းအစိုးရရဲ့ဦးစားပေးအလုပ်ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့နေ ရာတွေကနေ ထိုင်းနိုင်ငံသားတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဘေးကင်းလုံခြုံရာကို ကယ်ဆယ်ပို့ဆောင်ပေးဖို့ ဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

“စစ်ပွဲဖြစ်ပွားနေတဲ့ကြားထဲမှာ အခုအချိန်အထိ ထိုင်းနိုင်ငံသား ၂၀ အသက်ဆုံးရှုံးသွားပြီဖြစ်ပါတယ်။ ဒီအရေအ တွက်ဟာ နောက်ဆုံးအပြီးသတ်အရေအတွက်ဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” လို့ ဆရက်ထာက ပြောပါတယ်။

 

“ဒါပေမဲ့ တိုက်ပွဲအခြေအနေတွေက ပိုမိုဆိုးရွားလာနေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အာမခံချက်တော့ မပေး နိုင်ပါဘူး။ ထိုင်းနိုင်ငံသားတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကယ်ထုတ်ဖို့အတွက် အစိုးရအနေနဲ့လုပ်နိုင်သမျှ အားလုံးဆောင်ရွက်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းလူမျိုးတွေနေရပ်ပြန်နိုင်ရေး ပြန်လည်ခေါ်ယူဖို့အတွက် လေယာဉ်နှစ်စီးထောက်ပံ့ပေးဖို့ AirAsia လေ ကြောင်းလိုင်းနဲ့ Nok Airlines လေကြောင်းလိုင်းတို့က သဘောတူညီခဲ့ကြပြီး အမျိုးသားလေကြောင်းလိုင်း Thai Airways International ကလည်း လေယာဉ်တွေထောက်ပံ့ပေးဖို့ စဉ်းစားနေကြောင်းပြောဆိုရင်း မိမိနိုင်ငံသား တွေ ကယ်ဆယ်ရေးအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ကြတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

ပုဂ္ဂလိကလေကြောင်းလိုင်းတွေက ပိုင်ဆိုင်တဲ့ လေယာဉ် ၄ စင်းဟာ ဘေးကင်းလုံခြုံရာ သယ်ယူရွှေ့ပြောင်းရေး အစီအစဉ်အတွက် အစိုးရတာဝန်ချထားတဲ့ လေယာဉ် ၅ စင်းနဲ့အတူ လာရောက်ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး လေယာဉ်ဆီအတွက်ကုန်ကျစရိတ်က ပြဿနာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ထိုင်းနိုင်ငံဟာ အရပ်သားတွေအသေအပျောက်ရှိခဲ့တဲ့နိုင်ငံတွေထဲက နိုင်ငံတစ်ခု ဖြစ်တာကြောင့် အစ္စရေးအစိုးရအနေနဲ့ အပြည့်အဝ ပူးပေါင်းကူညီလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဝန်ကြီး ချုပ်ဆရက်ထာက ပြောပါတယ်။

 

Ref: Commercial airlines join evacuation mission from Israel: The Nation

 

#PeopleMedia


Share this post