အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး/ဓားစာခံတွေပြန်လွှတ်ပေးရေး သဘောတူညီချက်ရရှိ

PUBLISHED - January 16, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆
ဂါဇာကမ်းမြောင်ဒေသမှာ တစ်နှစ်ကျော်ဖြစ်ပွားလာခဲ့ စစ်ပွဲရပ်တန့်နိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲပြီး ဓားစာခံတွေ ပြန်လည်စေလွှတ်ပေးမယ့်အစီအစဉ်ကို အစ္စရေးနဲ့ ဟားမတ်စ်တို့ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုး ဘိုင်ဒန်နဲ့ ကာတာဝန်ကြီးချုပ်တို့က ဇန်နဝါရီလ ၁၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က သီးခြားစီ ကြေညာလိုက်ပါတယ်။
ကာတာနိုင်ငံ၊ အမေရိကန်နဲ့ အီဂျစ်နိုင်ငံတို့ ကမကထလုပ်တဲ့ ဆွေးနွေးပွဲမှာ တစ်ပတ်ကြာ အပြင်းအထန် ဆွေးနွေးညှိနှိုင်းပြီးနောက်မှာ အခုလို သဘောတူညီချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
“အီဂျစ်၊ ကာတာတို့နဲ့အတူ အမေရိကန်ပြည်ထောင်စုက သံတမန်နည်းလမ်းနဲ့ လပေါင်းများစွာ အပြင်းအထန် ကြိုးပမ်းအားထုတ်ပြီးနောက် ဒီကနေ့မှာတော့ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲနေရးနဲ့ ဓားစာခံတွေ ပြန်လွှတ် ပေးရေးအီအစဉ်တစ်ခုကို သဘောတူညီလိုက်ပြီဖြစ်ပါတယ်။” လို့ မစ္စတာဘိုင်ဒန်က ကြေညာချက်ထဲမှာ ပြောပါတယ်။
“ဒီသဘောတူညီချက်ကြောင့် ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေ ရပ်တန့်သွားမှာဖြစ်ပြီး ပါလက်စတိုင်းအရပ်သား ပြည်သူ တွေအတွက်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေ ပိုမိုပို့ဆောင်ပေးနိုင်တော့ မှာဖြစ်ပါတယ်။ ပြီးတော့ ၁၅ လကျော် အဖမ်းခံထားရတဲ့ ဓားစာခံတွေလည်း ၎င်းတို့မိသားစုတွေနဲ့ ပြန်လည် တွေ့ဆုံခွင့်ရတော့မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ဒီစစ်ပွဲအဆုံးသတ်ဖို့အတွက် ဓားစာခံတွေ ပြန်လွှတ်ပေးရေးကလွဲလို့ တခြား ဘယ်နည်းလမ်းမှ မရှိပါဘူး။ အစ္စရေး ပြည်သူတွေအကျိုးအတွက်၊ သောကမီးတွေနဲ့အတူ စောင့်မျှော်နေတဲ့ မိသားစုတွေအတွက်၊ စစ်ပွဲကြောင့် ဖော်ပြနိုင်စွမ်း မရှိတဲ့ ဘေးဒုက္ခဆိုးတွေကို ခံစားနေကြရတဲ့ ဂါဇာဒေသက အပြစ်မဲ့ပြည်သူတွေ အတွက် နောက်ဆုံး အခုလိုနေ့ရက်မျိုး ရောက်ရှိလာတာကို ကျွန်တော် အင်မတန်မှ ဝမ်းမြောက်ကျေနပ်မိပါ တယ်။” လို့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ အိမ်ဖြူတော်ကနေ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
“ပထမအသုတ် ပြန်လည်လွတ်မြောက်လာမယ့် ဓားစာခံထဲမှာ အမေရိကန်နိုင်ငံသားတွေလည်းပါဝင်မှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတနဲ့ ကျွန်တော်တို့ကတော့ အဲဒီအမေရိကန်နိုင်ငံသားတွေကို အမိမြေကနေ စောင့်ကြိုနိုင်တော့မှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
သဘောတူညီချက်ဟာ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၉ ရက်နေ့) မှာ စတင်အကျိုးသက်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သတင်း ထွက်ပေါ်လာပြီးနောက် ဂါဇာဒေသ Deir al Bala မြို့မှာ လူအုပ်ကြီး လမ်းပေါ်ထွက်လာပြီး အောင်ပွဲခံ သေနတ်သံတွေကြားခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်မ အရမ်းပျော်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ လမှာ မျက်ရည်တွေ၊ သေဆုံးမှုတွေ၊ ထောင်ထဲရောက်သွားတာ တွေကို တွေ့ မြင်ဖြတ်ကျော်ခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်မ ပျော်ရွှင်ရပါပြီ။” လို့ ဂါဇာဒေသ ခန်းယူနစ်ြမို့က ပါလက်စတိုင်း အမျိုးသမီးငယ်တစ်ဦးက CBS သတင်းဌာနကို ပြောပါတယ်။
“အရမ်းပျော်တယ်ဗျာ။ ဒီနေ့ဟာ စစ်ပွဲစတင်ကတည်းက ကျွန်တော်စောင့်မျှော်နေခဲ့တဲ့နေ့ပါပဲ။ ဘုရားသခင်က ကျွန် တော်တို့ကို မျှော်လင့်ချက်ပေးလိုက်တာပါ။” လို့ ပါလက်စတိုင်းအဖိုးအိုတစ်ဦးက ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ စတင်အသက်ဝင်ခြင်းမရှိသေးတဲ့အတွက် သဘာတူညီချက် သတင်းထွက်ပေါ်လာပြီးနောက် ဗုဒ္ဓဟူးနေ့က ဂါဇာမြို့နဲ့ ခန်းယူနစ်မြို့တို့မှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက် လက်ဆောင်ရွက်ခဲ့ပါတယ်။
Ref: Israel and Hamas agree to deal for ceasefire in Gaza, release of hostages
#PeopleMedia