• Follow Us on

Home အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ပါလက်စတိုင်းဦးရေ ၁၀၀၀၀ ကျော်သွားပြီဖြစ်ပြီး ဂါဇာဒေသဟာ ကလေးသုဿန်ဖြစ်တော့မယ်လို့ ကုလအတွင်းရေးမှူးချုပ်ပြော

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ပါလက်စတိုင်းဦးရေ ၁၀၀၀၀ ကျော်သွားပြီဖြစ်ပြီး ဂါဇာဒေသဟာ ကလေးသုဿန်ဖြစ်တော့မယ်လို့ ကုလအတွင်းရေးမှူးချုပ်ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၇

 

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသက ပါလက်စတိုင်းလူမျိုးသေဆုံးဦးရေဟာ ၁၀၀၀၀ ကျော် သွားပြီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ထမ်းတွေက ပြောကြားလိုက်ချိန်မှာ ဂါဇာကမ်းမြောင်ဒေသ ဟာ ကလေးတွေအတွက် သုဿန်ဖြစ်တော့မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြောကြားလိုက်ရင်း အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။

 

အစ္စရေးဘက်ကရော ဂါဇာဒေသကိုထိန်းထားတဲ့ ဟားမတ်စ်စစ်သွေးကြွတွေဘက်ကရော အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုနေကြတဲ့ နိုင်ငံတကာဖိအားတွေကို ပယ်ချခဲ့ကြပါတယ်။

 

ဟားမတ်စ်တွေအနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုအပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံတွေ ကို အရင်ဆုံးပြန်လွှတ်ပေးဖို့ အစ္စရေးဘက်ကတောင်းဆိုသလို ဟားမတ်စ်ဘက်ကလည်း အစ္စရေးတွေဂါဇာဒေ ကိုဆက်လက်တိုက်ခိုက်နေသရွေ့ ဓားစာခံတွေကို ပြန်လွှတ်မှာမဟုတ်သလို ၎င်းတို့ဘက်ကတိုက်ခိုက်မှုတွေကို လည်း ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

 

“အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေလုပ်နေတဲ့ မြေပြင်ထိုးစစ်တွေနဲ့ ဆက်လက်ဆောင်ရွက်နေတဲ့ ဗုံးကြဲတိုက်ခိုက် မှုတွေက အရပ်သားတွေ၊ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေ၊ ဗလီတွေ၊ ဘုရားကျောင်းတွေနဲ့ နားခိုရေးစခန်းတွေ အပါအဝင် ကုလသမဂ္ဂအဆောက်အအုံတွေကိုပါ ထိခိုက်နေပါတယ်။” လို့ ဂူတားရက်စ်က သတင်းထောက်တွေ ကို ပြောပါတယ်။

 

“တပြိုင်တည်းမှာပဲ ဟားမတ်စ်တွေနဲ့ တခြားစစ်သွေးကြွအဖွဲ့တွေကလည်း အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး အစ္စရေးနိုင်ငံထဲကို ရော့ကက်တွေနဲ့ လက်လွတ်စပယ် ပစ်ခတ်နေပါတယ်။” လို့ ပြောဆိုရင်း ဂူတား ရက်စ်က ဓားစာခံတွေချွင်းချက်မရှိပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

 

အောက်တိုဘာလ ၂၇ ရက်နေ့က မြေပြင်ထိုးစစ်တိုးချဲ့ဆောင်ရွက်လာတဲ့အချိန်ကစပြီး စစ်သည် ၃၁ ဦးကျဆုံး သွားပြီဖြစ်ကြောင်း အစ္စရေးဘက်က ပြောဆိုရင်း ဟားမတ်စ်စစ်သွေးကြတွေဟာ အရပ်သားတွေနဲ့ ဆေးရုံတွေ ကို အကာအကွယ်ယူ ပုန်းခိုနေကြောင်း ထပ်လောင်းပြောကြားပါတယ်။

 

ဟားမတ်စ်ဘက်ကတော့ ၎င်းတို့ ဆေးရုံတွေမှာ ပုန်းအောင်းနေတယ်ဆိုတာ သတင်းမှားသာဖြစ်ပြီး မှန်မမှန် ကုလသမဂ္ဂအဖွဲ့က စိစစ်အတည်ပြုသင့်ကြောင်း ပြောပါတယ်။

 

အစ္စရေးလူမျိုး ၁၄၀၀ သေဆုံးပြီး ၂၄၀ ကျော် ဓားစာခံအဖြစ်အဖမ်းခံခဲ့ရတဲ့ အောက်တိုဘာလ ၇ ရက်နေ့တိုက် ခိုက်မှုဖြစ်စဉ်ပြီးကတည်းက အစ္စရေးရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုတွေဟာ အပြင်းထန်ဆုံးဖြစ်လာခဲ့တယ်လို့ ဂါဇာမှာရှိတဲ့ ရိုက်တာသတင်းထောက်တစ်ဦးက ပြောပါတယ်။

 

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ကလေးသူငယ် ၄၁၀၄ ဦးအပါအဝင် လူဦးရေ ၁၀၀၂၂ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်စ်တွေထိန်းချုပ်ထားတဲ့ဒေသက ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“ဂါဇာဟာ ကလေးသူငယ်တွေအတွက် သုဿန်တစ်ခုဖြစ်တော့မယ်။ ကလေးသူငယ် ယောကျ်ားလေး/ မိန်း ကလေး ရာနဲ့ချီပြီး နေ့စဉ် သေဆုံး/ဒဏ်ရာရနေကြတယ်။” လို့ ဂူတားရက်စ်က ပြောပါတယ်။

 

ဒဏ်ရာရလူနာတွေကို ဆေးရုံတွေက ကုသမပေးနိုင်တော့ကြောင်း၊ အကူအညီတွေလုံလောက်စွာမရရှိတဲ့အ တွက် စားနပ်ရိက္ခာနဲ့ သောက်ရေသန့်တွေ ပြတ်လပ်တော့မှာဖြစ်ကြောင်း နိုင်ငံတကာကူညီကယ်ဆယ်ရေးအ ဖွဲ့အစည်းတွေက ပြောပါတယ်။

 

သေဆုံးသွားတဲ့သူတွေထဲမှာ ကုလသမဂ္ဂပါလက်စတိုင်းဒုက္ခသည်အေဂျင်စီ (UNRWA) နဲ့ လက်တွဲအလုပ်လုပ် နေတဲ့ ဝန်ထမ်း ၈၉ ဦးပါဝင်ကြောင်း ဂူတားရက်စ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာကို ၎င်းတို့ရဲ့ဝန်ထမ်း ၅ ဦး သေဆုံးသွားကြောင်း UNRWA က ပြောပါတယ်။

 

Ref: Gaza death toll tops 10,000; UN calls it a children’s graveyard

 

#PeopleMedia


Share this post