• Follow Us on

Home အစ္စရေးအတွက် အရေးပေါ် တင့်အမြောက်ကျည်တွေရောင်းဖို့ အမေရိကန်ခွင့်ပြု

အစ္စရေးအတွက် အရေးပေါ် တင့်အမြောက်ကျည်တွေရောင်းဖို့ အမေရိကန်ခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁

 

အစ္စရေးနိုင်ငံအတွက် တင့်အမြောက်ကျည် ၁၄၀၀၀ နီးပါး အရေးပေါ်ရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သဘောတူခွင့်ပြုလိုက်ကြောင်း စနေနေ့ (ဒီဇင်ဘာလ ၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အစ္စရေးနိုင်ငံအတွက် တင့်အမြောက်မှာသုံးတဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ ၁၂၀ မမ ကျည် ၁၃၉၈၁ တောင့်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ ၁၀၆.၅ သန်းဖိုး ရောင်းချပေးဖို့ သောကြာနေ့က ကွန်ဂရက်လွှတ်တော်ကို တင်ပြခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဂျိုးဘိုင်ဒန်အစိုးရက အစ္စရေးနဲ့ ယူကရိန်းအတွက် စစ်အသုံးစရိတ်အသစ်တွေတင်ပြလာတာကို လွှတ်တော်ထဲ မှာ ရီပတ်ဘလီကန်တွေက အချိန်ဆွဲထားသလို ပါလက်စတိုင်းအရပ်သားတွေကို တိုက်ခိုက်ရာမှာ အမေရိကန် လက်နက်တွေကိုအသုံးပြုနေတယ်ဆိုပြီး ဒီမိုကရက်တွေကလည်း ပြင်းပြင်းထန်ထန်ဝေဖန်နေပါတယ်။

 

အဲဒီလို လွှတ်တော်တွင်း ငြင်းခုန်ဆွေးနွေးနေတဲ့ကြားကနေ တခြား အရောင်းအဝယ်နဲ့ နှိုင်းယှဉ်ရင် ပမာဏ သေးငယ်တဲ့ အခု တင့်အမြောက်ကျည်ရောင်းချရေးကိစ္စကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုလိုက်တာဖြစ် ပါတယ်။

 

အစ္စရေးအစိုးရအတွက် အရေးပေါ်လိုအပ်ချက်အရ ချက်ချင်းရောင်းချပေးရမှာဖြစ်တာကြောင့် ကွန်ဂရက်လွှတ် တော်ထဲမှာပုံမှန်ဆန်းစစ်လေ့လာမှုတွေကို ကျော်ဖြတ်ပြီးရောင်းချပေးဖို့ နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အမေရိကန်ကြည်းတပ်ရဲ့လက်နက်စာရင်းထဲက ရောင်းချပေးမယ့် အဲဒီအမြောက်ကျည်တွေကို အစ္စရေးနိုင်ငံက ဒေသတွင်းခြိမ်းခြောက်မှုတွေကို ဟန့်တားမှုတစ်ရပ်အဖြစ်ဆောင်ရွက်ဖို့နဲ့ ၎င်းတို့နိုင်ငံကို ကာကွယ်ဖို့အတွက် အသုံးပြုသွားမှာဖြစ်ပြီး အဲဒီအမြောက်ကျည်တွေဟာ ဒေသတွင်း စစ်ရေးချိန်ခွင်လျှာကို အပြောင်းအလဲဖြစ်စေ မှာမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ရှေးရိုးစွဲဝါဒီတွေက ၎င်းတို့တောင်းဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးပြုပြင်မှုတွေကို ဖယ်ရှားပစ်ဖို့အရေးမှာ ချီတုံ ချတုံဖြစ်နေစဉ်အတွင်း ယူကရိန်းနဲ့ အစ္စရေးအတွက် အိမ်ဖြူတော်က အရေးပေါ်တောင်းဆိုထားတဲ့ ဒေါ်လာ ၁၀၆ ဘီလျံ အကူအညီပေးရေးကိစ္စကို ရီပတ်ဘလီကန်တွေက ဗုဒ္ဓဟူးနေ့က ပယ်ချလိုက်ပါတယ်။

 

အဲဒီအကူအညီတွေထဲမှာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို ကူညီဖို့ ဒေါ်လာ ဘီလျံ ၆၀ ဝန်းကျင်၊ ဟားမတ်စ် နဲ့ စစ်ဖြစ်နေတဲ့ အစ္စရေးအတွက် ဒေါ်လာ ၁၀ ဘီလျံနဲ့ ထိုင်ဝမ်နိုင်ငံအတွက် အကူအညီတွေ ပါဝင်ပါတယ်။

 

တပြိုင်တည်းမှာပဲ ဂါဇာဒေသမှာ အသေအပျောက်စာရင်းတွေတိုးလာတဲ့အတွက် စစ်ဆင်ရေးဆောင်ရွက်ရာမှာ ဟားမတ်စ်ပစ်မှတ်တွေကို ပိုမိုပစ်မှတ်ထားတိုက်ခိုက်ပြီး အရပ်သားအသေအပျောက်လျော့နည်းအောင် ဂရုစိုက် ဆောင်ရွက်ဖို့ ဒီမိုကရက်အမတ်တချို့က အစ္စရေးအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

 

Ref: US Okays Small ‘Emergency’ Sale of Ammunition to Israel

 

#PeopleMedia


Share this post