အစ္စရေး-လက်ဘနွန် နယ်စပ်မှာ ရော့ကက်ထိမှန်လို့ ထိုင်းနိုင်ငံသား ၄ ဦး သေဆုံး
PUBLISHED - November 2, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၂
အစ္စရေးနိုင်ငံမြောက်ပိုင်း အစ္စရေး-လက်ဘနွန် နယ်စပ်က မက်ချူလာမြို့အနီး ရော့ကက်ကျရောက်ပေါက်ကွဲခဲ့ တဲ့အတွက် ထိုင်းလယ်ယာလုပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မား ရစ်ဆန်ဂျီယမ်ပေါင်ဆာက နိုဝင်ဘာလ၁ ရက်နေ့က X လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ပါတယ်။
“ဒဏ်ရာရတဲ့သူနဲ့ သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးဖို့ တဲလ်ဗစ်မှာ ရှိတဲ့ ကျွန်တော်တို့သံရုံးကို ကျွန်တော်ညွှန်ကြားထားပါတယ်။ သူတို့ရဲ့ကြီးမားတဲ့ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေ ကွဲရပါကြောင်း ပြောလိုပါတယ်။” လို့ မစ္စတာမားရစ်က ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံမြောက်ပိုင်းက ထိုင်းလုပ်သားအားလုံးကို နိုင်ငံတောင်ပိုင်းက ဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းပေး ရာမှာ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရေး တဲလ်ဗစ်မှာရှိတဲ့ သံရုံးအလုပ်သမားကိုယ်စားလှယ်နဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဘွန်းဆောင်းသက်ချိုင်းယုကို ညွှန်ကြားထား ကြောင်း အလုပ်သမားဝန်ကြီး ဖိဖတ်ရတ်ချာကစ်ပရာကန်က ပြောပါတယ်။
လိုအပ်တဲ့အကူအညီတွေနဲ့ လျော်ကြေးငွေတွေ ပေးနိုင်ဖို့အတွက် သေဆုံးသွားတဲ့ ထိုင်းလုပ်သားတွေရဲ့ မိသား စုဝင်တွေဆီကို သွားရောက်တွေ့ဆုံဖို့ အလုပ်သမားဝန်ကြီးဌာနအရာရှိတွေကို ညွှန်ကြားထားကြောင်းလည်း မစ္စတာဖိဖတ်က ပြောပါတယ်။
မက်ချူလာမြို့အနီးကို ရော့ကက်နှစ်စင်း ကျရောက်ပေါက်ကွဲခဲ့ရာမှာ ၇ ဦး သေဆုံးသွားပြီး အဲဒီအထဲက ၁ ဦး က အစ္စရေးလယ်သမား၊ ၄ ဦးက ထိုင်းလယ်ယာလုပ်သားတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း အစ္စရေးမြောက်ပိုင်း Kibbutz Yir လယ်တောမှာ တင့်ဖျက်ဒုံးကျည်တစ်စင်း ကျရောက် ပေါက်ကွဲခဲ့ရာ ထိုင်းလုပ်သား ၁ ဦး သေဆုံးပြီး တခြား ထိုင်းလုပ်သား ၁ ဦး ဦးခေါင်းပြင်းထန်စွာ ဒဏ်ရာရရှိ သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး နိုင် ငံက သေဆုံးခဲ့တဲ့ လူဦးရေ ၁,၂၀၀ ဝန်းကျင်ထဲမှာ ထိုင်းနိုင်ငံသား ၄၁ ဦး ပါဝင်ကြောင်း အစ္စရေးအာဏာပိုင် တွေက ပြောပါတယ်။
အဲဒီနေ့က ပြန်ပေးဆွဲသွားတဲ့သူတွေထဲမှာလည်း ထိုင်းနိုင်ငံသား ၃၀ ပါဝင်ပြီး ထိုင်းနိုင်ငံသား ၆ ဦးဟာ အခု အချိန်အထိ ဓားစာခံအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး အများအပြားသေဆုံး ခဲ့တဲ့အပြင် အစ္စရေးနိုင်ငံက လက်ဘနွန်မှာရှိတဲ့ ဟစ်ဘိုလာစစ်သွေးကြွတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါ တယ်။
စစ်ပွဲမဖြစ်ပွားခင်က အစ္စရေးနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသား ၃၀,၀၀၀ ဝန်းကျင်ရှိပြီး အစ္စရေးနိုင်ငံထဲ မှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားအုပ်စုထဲက အများဆုံးအုပ်စုတစ်စုလည်းဖြစ်ပါတယ်။
Ref: Four Thai nationals killed near Israel-Lebanon border
#PeopleMedia