အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှု တိုးတက်ကြောင်း ပြင်သစ်ပြော
PUBLISHED - September 26, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆
အစ္စရေးနဲ့ အီရန်ကထောက်ပံ့ထားတဲ့ ဟစ်ဘိုလာအဖွဲ့ကြား လက်ဘနွန်နိုင်ငံမှာ ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲ ရေးပြုလုပ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံက ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာပဲ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့တိုးတက်မှုတွေ ရအောင်လုပ် နိုင်ခဲ့ပါတယ်။ လာမယ့်အချိန်တွေမှာလည်း ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာပါ။” လို့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးခန်းမ အပြင်ဘက်မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျိန်းနိုဝဲလ်ဘားရော့က သတင်းထောက်တွေကို ပြောပါတယ်။
“အရပ်သားတွေကို မထိခိုက်အောင် ကာကွယ်နိုင်ဖို့နဲ့ သံတမန်လမ်းကြောင်းကနေ စေ့စပ်ညှိနှိုင်းရေးကိစ္စတွေ စတင်ဆောင်ရွက်နိုင်ဖို့အတွက် ဒီအစီအစဉ်ကိုလက်ခံဖို့ နှစ်ဖက်စလုံးကို ဖျောင်းဖျနေပါတယ်။” လို့ အခုသီတင်း ပတ်နှောင်းပိုင်းမှာ လက်ဘနွန်ကိုသွားရောက်ဖို့ စီစဉ်ထားတဲ့ ဘားရော့က အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံကို ပြောပါ တယ်။
အစ္စရေးလေတပ်က ဗုဒ္ဓဟူးနေ့က လက်ဘနွန်ကို တိုက်ခိုက်ခဲ့ရာ ၇၂ ဦးထက်မနည်းသေဆုံးပြီး ၂၂၃ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်အကြီးအကဲက “မြေပြင်ထိုးစစ် ဆင်နွှဲသွားနိုင်ဖွယ်ရှိတယ်” လို့ ပြောကြားထားတဲ့အတွက် အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ပွဲကြီးတစ်ခုဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
လက်ဘနွန်နဲ့ အစ္စရေး နှစ်ဖက်စလုံးက စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့နဲ့ သံတမန်လမ်းကြောင်း က တစ်ဆင့် ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးနိုင်ဖို့အတွက် တင်းမာမှုတွေ ပိုမြင့်တက်မလာအောင် အမေရိကန်အစိုးရ က တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ဒုတိယသံအမတ် ရောဘတ်ဝုဒ်က လုံခြုံရေးကောင်စီကို ပြောပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ သံတမန်လမ်းကြောင်းကတစ်ဆင့် ဖြေရှင်းရေးကို ကြိုဆိုကြောင်း အစည်းအဝေးမစခင်မှာ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် ဒန်နီဒါနန်က သတင်းထောက်တွေကို ပြောပါ တယ်။
အီရန်နိုင်ငံဟာ ဒေသတွင်းအကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေသလို ခြိမ်းခြောက်မှုတွေကို ရှင်းလင်းဖယ်ရှားပစ်ဖို့ လိုတဲ့ ငြိမ်းချမ်းရေးနဲ့လည်း ဆက်စပ်နေကြောင်း အစ္စရေးသံအမတ်က လုံခြုံရေးကောင်စီကို ပြောပါတယ်။
အီရန်နိုင်ငံအနေနဲ့ ဟစ်ဘိုလာအဖွဲ့ကို ထောက်ခံပြီး ဘက်ဘနွန်စစ်ပွဲ ပိုမိုကျယ်ပြန့်လာရင် စိတ်မဝင်စားဘဲ ဒီအ တိုင်းထိုင်ကြည့်နေမှာ မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရချီက အစည်းအဝေးမစခင် သ တင်းထောက်တွေကို ပြောပါတယ်။
လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကတီကတော့ “စစ်မျက်နှာ အားလုံးမှာ အပစ်အခတ်ရပ်စဲဖို့အတွက် အစ္စရေးကို ဖိအားပေးဖို့” လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ပါတယ်။
Ref: Lebanon ceasefire deal makes progress, France reports at UN
#PeopleMedia