အဇာဘိုင်ဂျန်လေတပ်က Su-25 ဂျက်တိုက်လေယာဉ်တွေကို စမတ်ဗုံးတွေ၊ ဒုံးကျည်တွေတပ်ဆင်ပေးပြီး တူရကီက အဆင့်မြှင်တင်ပေးသွားမည်
PUBLISHED - August 3, 2023
နိုင်ငံတကာ၊ သြဂုတ် ၃
အဇာဘိုင်ဂျန်နိုင်ငံဟာ ၎င်းတို့နိုင်ငံလေတပ်က အင်ဂျင်နှစ်လုံးတပ် Su-25 ဂျက်တိုက်လေယာဉ်တွေကို အဆင့် မြှင့်တင်ဖို့အတွက် တူရကီနိုင်ငံ တူရကီလေယာဉ်ထုတ်လုပ်မှုလုပ်ငန်း (Turkish Aerospace Industries -TAI) ကို လုပ်ငန်းအပ်နှံလိုက်ကြောင်း The Defense Post က ရေးသားထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ၂၀၂၃ ခုနှစ် နိုင်ငံတကာ စစ်လက်နက်ပစ္စည်း ပြပွဲကျင်းပနေစဉ် အခုသဘောတူညီချက်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
အဆင့်မြှင့်တင်မှုတွေထဲမှာ ဂျက်တိုက်လေယာဉ်ရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာစွမ်းရည်မြှင်တင်နိုင်ဖို့အတွက် အရင်ကအသုံးမပြုဖူးသေးတဲ့ နည်းပညာသစ်တွေထည့်သွင်းခြင်းလည်းပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
အဇာဘိုင်ဂျန်လေတပ်က Su-25 ဂျက်တိုက်လေယာဉ်တွေကို တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ဖို့အတွက် အဲဒီ လေယာဉ်တွေမှာ တူရကီနိုင်ငံထုတ် စမတ်ဗုံး (လေဆာပဲ့ထိန်း လမ်းညွှန်ဗုံး) တွေနဲ့ ဒုံးကျည်တွေကိုလည်း ထည့်သွင်းတပ်ဆင်သွားဖို့ တူရကီလေယာဉ်ထုတ်လုပ်မှုလုပ်ငန်း (TAI) ကစီစဉ်နေပါတယ်။
သဘာတူညီချက်အရ မိမိလေယာဉ်တပ်တည်အတိအကျသိရှိရေးနဲ့ လမ်းကြောင်းရှာဖွေရေးမှာ ပိုမိုအဆင့်မြှင့် တင်နိုင်ဖို့အတွက် လေကြောင်းနည်းပညာအဆင့်မြှင့်တင်မှုတွေကိုလည်း ကုမ္ပဏီက ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။
တူရကီနိုင်ငံကအဆင့်မြှင့်တင်ပေးလိုက်တဲ့ ပထမဦးဆုံး Su-25 ဂျက်တိုက်လေယာဉ်ဟာ အဇာဘိုင်ဂျန်လေတပ် ကို ပြန်လည်ရောက်ရှီသွားပြီဖြစ်ပြီး ပထမဦးဆုံးစမ်းသပ်ပျံသန်းမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဆင့်မြင့် Su-25 ဂျက်တိုက်လေယာဉ်မှာတပ်ဆင်ထားတဲ့ စမတ်ဗုံးတွေနဲ့ ဒုံးကျည်တွေကို အဇာဘိုင်ဂျန်အစိုးရ က ချက်ချင်း ဆန်းစစ်လေ့လာအကဲဖြတ်ခဲ့ပါတယ်။
“ဂျက်တိုက်လေယာဉ်ရဲ့ဆောင်ရွက်နိုင်တဲ့အလုပ်တွေအားလုံးကို စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ဆန်းစစ် လေ့လာအကဲဖြတ်ပြီးသွားပြီဖြစ်ပါတယ်။ အဲဒီ Su-25 ဂျက်တိုက်လေယာဉ်ဟာ သက်ဆိုင်ရာလေတပ်မှာ တာ ဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ ” လို့ အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားနိုင်ငံကထုတ်လုပ်ထားတဲ့ လေသူရဲတစ်ယောက်ထိုင်ခုံနဲ့ Su-25 ဂျက်တိုက်လေယာဉ်ဟာ မြေပြင်က ရွေ့ လျားပစ်မှတ်နဲ့ ရပ်တည်ပစ်မှတ်တွေကို တိုက်ခိုက်ချေမှုန်းရာမှာ အနီးကပ်ပစ်ကူပေးနိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတဲ့ ဂျက်တိုက်လေယာဉ်ဖြစ်ပါတယ်။
Su-25 ဂျက်တိုက်လေယာဉ်ဟာ မြန်နှုန်းနိမ့်လေကြောင်းပစ်မှတ်တွေဖြစ်တဲ့ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို လည်း တိုက်ခိုက်နိုင်ပါတယ်။
Su-25 ဂျက်တိုက်လေယာဉ်တောင်ပံနှစ်ဖက်မှာ Kh-23 ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေနဲ့ R-3S ဝေဟင်- ဝေဟင်ပစ် ဒုံးကျည်တွေတပ်ဆင်နိုင်တဲ့ လက်နက်တပ်ဆင်နေရာ ၁၀ ခု ပါရှိပါတယ်။
Su-25 ဂျက်တိုက်လေယာဉ်ဟာ တစ်နာရီ ကီလိုမီတာ ၉၅၀ (မိုင် ၅၉၀) နှုန်း အမြင့်ဆုံးပျံသန်းနိုင်ပြီး စစ်ဆင် ရေးဆင်နွှဲနိုင်တဲ့ အကွာအဝေးကတော့ ကီလိုမီတာ ၇၅၀ (၄၆၆ မိုင်) ဖြစ်ပါတယ်။
Su-25 ဂျက်တိုက်လေယာဉ်တွေကို ရုရှားလေတပ်၊ ရုရှားရေတပ်၊ အာဖဂန်နစ္စတန်လေတပ်၊ ဘယ်လာရုစ်လေ တပ်၊ အီရန်လေတပ်၊ မြောက်ကိုရီးယားလေတပ်နဲ့ ဘူလ်ဂေးရီးယားလေတပ်တွေမှာ အသုံးပြုနေပါတယ်။
Ref: Azerbaijan’s Su-25s Receive Turkish Smart Bombs, Missiles: The Defense Post
#PeopleMedia