အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌ တက်ရောက်
PUBLISHED - November 7, 2024
နေပြည်တော်၊ နိုဝင်ဘာ ၇
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး(8th Greater Mekong Subregion Summit) ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင် တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းဘုရင့် နိုင်ငံဝန်ကြီးချုပ် မဒမ် ဖိထောင်တန် ရှင်နာဝပ်ထရာ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မစ္စတာမာဆာဆုဂု အာဆာကာဝါနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ပထမအပိုင်းဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ကျင်းပပြုလုပ်ရာ သဘာပတိ ဖြစ်သူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက “ဆန်းသစ်တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့် ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေး ကြသည်။
ထို့နောက် အစည်းအဝေးအစီအစဉ် ဒုတိယအပိုင်းအဖြစ် “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမို ကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် နိုင်ငံ့ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာအဖွဲ့ဝင် နိုင်ငံ ၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဒေသန္တရ အစိုးရကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့် ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေး၌ အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာလီချောင်န်က အဖွင့် အမှာစကားပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဥက္ကဋ္ဌတို့က အသီးအသီး အမှာစကားပြောကြားကြသည်။ ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေး နောက်ပိုင်းရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို နိုင်ငံ့ခေါင်းဆောင်များထံ အစီရင်ခံတင်ပြသည်။
ယင်းနောက် ၂၀၂၄ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/ တိုင်းအဆင့် ခေါင်းဆောင်များ ဖိုရမ်အစီရင်ခံစာကို ယူနန်အစိုးရအဖွဲ့မှ တာဝန်ရှိသူကလည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအစည်းအဝေး ရလဒ်ကို ဂျီအမ်အက်စ်အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူကလည်းကောင်း တင်ပြကြပြီး ထိပ်သီးအစည်းအဝေး ပူးတွဲ ကြေညာချက်နှင့် ဂျီအမ်အက်စ်ဆန်းသစ်တီထွင်မှု မဟာဗျူဟာ ၂၀၃၀ ကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။
#PeopleMedia