• Follow Us on
Latest News

Home အတင်းအကြပ်ဆန္ဒပြုစေခြင်းမျိုးမရှိစေရေး ရပ်/ကျေးအဆင့်တာဝန်ရှိသူများအား သေချာစွာကြပ်မတ်ရန် ဗိုလ်ချုပ်ကြီးတင်အောင်စန်း မှာကြား

အတင်းအကြပ်ဆန္ဒပြုစေခြင်းမျိုးမရှိစေရေး ရပ်/ကျေးအဆင့်တာဝန်ရှိသူများအား သေချာစွာကြပ်မတ်ရန် ဗိုလ်ချုပ်ကြီးတင်အောင်စန်း မှာကြား

Share this post

နေပြည်တော်၊ ဧပြီ ၃

 

အတင်းအကြပ် ဆန္ဒပြုစေခြင်းမျိုးမရှိစေရေး အောက်ခြေတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရပ်/ကျေးအဆင့်တာဝန်ရှိသူများအား သေချာစွာကြပ်မတ် လမ်းညွှန်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မှာကြားသည်။

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယမန်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲထားရှိမှုကို ဗဟိုအဖွဲ့ ဝင်များ၊တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက တင်ပြလာသည့်အကြံပြုချက်များမှ ပြင်ဆင်သင့်သည်များ၊ ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်၍ အပြီးသတ်ရေးဆွဲထားသည့် နည်းဥပဒေ (မူကြမ်း) အား ရေးထုံးရေးနည်းစိစစ်ရန်နှင့် ဥပဒေကြောင်းအရ သဘောထားပြန်ကြားပေးရန် ဥပဒေရေးရာ ဝန်ကြီးဌာနသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးထုံးများစိစစ်ပြီး အကြံပြုချက်များ ပေးပို့လာပါက အကြံပြုချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်၍ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး ကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူပြီး နည်းဥပဒေ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

ဗဟိုအဖွဲ့အနေဖြင့် ပထမဦးဆုံးဖွင့်လှစ်မည့်သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းဖွင့်လှစ်ရန် ပြင်ဆင် သတ်မှတ်ခဲ့ပြီး သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ လူထုအတွင်း ထင်ယောင်ထင်မှားဖြစ်စေမည့် ကောလာဟလသတင်းများ၊ သတင်းတုသတင်းမှားများမဖြစ်စေ ရေးနှင့် ပြည်သူလူထုအတွင်း သတင်းမှန်များ အချိန်တိုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရေး ပြည်သူ့ စစ်မှုထမ်းဆိုင်ရာ အချက်အလက်များအား ဆက်သွယ်ရေး Mobile Operator ၄ ခုမှ တစ်ဆင့် Short Message Service (SMS) များ ပေးပို့လျက်ရှိကြောင်း၊ ဥပဒေပါကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များအပြင် ဗဟိုအဖွဲ့အစီအစဉ်ဖြင့် သတ်မှတ်ထားသည့်ကင်းလွတ်ခွင့်၊ ပေါ့လျော့ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များကို ပြည် ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖြန့်ဝေ ပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများကို အသိပညာပေးဟောပြောခြင်း၊ ပြည်သူများသို့ ထပ်ဆင့်ရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ပြီး ပြည်သူများ၏ စိုးရိမ်စိတ်ကို လျော့ကျစေမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောသည်။

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းကောက်ယူခြင်း၊ ဆေး စစ်ခြင်းနှင့် အကျုံးဝင်သူများကို ဆင့်ခေါ်ခြင်းများဆောင်ရွက်လျက်ရှိရာ ပေးပို့လာသည့် စာရင်းများတွင် ပြည်သူ့စစ်မှုထမ်းရန်ကိုယ်တိုင်ဆန္ဒပြုသူများစွာ ပါဝင်သည်ကိုတွေ့ရကြောင်း၊ သို့သော်လည်း ဆန္ဒပြုသူ များအနေဖြင့် အမှန်တကယ်ဆန္ဒပြုသူများဖြစ်ရန်လိုအပ်ပြီး အတင်းအကြပ် ဆန္ဒပြုစေခြင်းမျိုးမရှိစေရေး အောက်ခြေတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရပ်/ကျေးအဆင့်တာဝန်ရှိသူများအား သေချာစွာကြပ်မတ် လမ်းညွှန်ရန်လိုအပ်ကြောင်း ပြောသည်။

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆောင်ရွက်နေမှုအပေါ် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက လူမှုကွန်ယက်များ တွင် သတင်းတု၊ သတင်းမှားများဖြန့်ဝေခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များအား ခြိမ်းခြောက်မှုများ ဆောင်ရွက်နေသည်ကိုတွေ့ရှိနေရကြောင်း၊ သတင်းတု၊ သတင်းမှားဖြန့်ဝေသူများ၊ ခြိမ်းခြောက်သူများအားဖော်ထုတ်၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောသည်။

 

#PeopleMedia


Share this post