• Follow Us on
Latest News

Home အတိုက်အခံပါတီက ဒုတိယအကြိမ် စွပ်စွဲပြစ်တင်ဖို့ ပြင်ဆင်နေတုန်းမှာပဲ သမ္မတရုံးခန်းကို တောင်ကိုရီးယားရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

အတိုက်အခံပါတီက ဒုတိယအကြိမ် စွပ်စွဲပြစ်တင်ဖို့ ပြင်ဆင်နေတုန်းမှာပဲ သမ္မတရုံးခန်းကို တောင်ကိုရီးယားရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁

 

စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းခဲ့တဲ့အတွက် စစ်ဆေးခံနေရတဲ့ တောင်ကိုရီးယားသမ္မတယွန်ဆောက်ယုန်ရဲ့ ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သမ္မတရုံးလုံခြုံရေးအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးအရာရှိတွေက မစ္စတာယွန်ကိုနာမည်တပ်ထားတဲ့ ရှာဖွေရေးဝရမ်းတစ်စောင် ထုတ်ပြခဲ့တယ်လို့ ယုန်ဟတ်သတင်းဌာနက ပြောပေမဲ့ ရှာဖွေမှုနဲ့ပတ်သက်ပြီး အမျိုးသားရဲတပ်ဖွဲ့က ပြန်လည်တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

 

ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ ပတ်သက်ပြီး မစ္စတာယွန်နဲ့ ရဲဘက်/စစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးနေစဉ်မှာ အခုလို ဝင်ရောက်စီးနင်းတာဟာ သိသိသာသာ ဇာတ်ရှိန်မြင့်တက်လာတာပဲဖြစ်ပါတယ်။

 

ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းချိန် သမ္မတရုံးထဲမှာ မစ္စတာယွန် ရှိမနေခဲ့ဘူးလို့ ယုန်ဟတ်သတင်းဌာနက ပြောပါတယ်။ သမ္မတရဲ့တရားဝင်နေအိ်မ်ဟာ သီးခြားနေရာတစ်ခုမှာ ရှိပါတယ်။

 

စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းခဲ့တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က တောင်းပန်ခဲ့ပြီးနောက်မှာ သမ္မတယွန်ကို လူမြင်ကွင်းမှာ မတွေ့ရတော့ဘူးလို့ဆိုပါတယ်။

 

ဒီကနေ့မနက်အစောပိုင်းမှာတော့ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲဟာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းမှုနဲ့ ဆက်နွယ်ပြီး အဖမ်းခံရ တဲ့ထိပ်တန်းအရာရှိတွေထဲမှာ နောက်ဆုံးအဖမ်းခံရတဲ့ အရာရှိဖြစ်လာတယ်လို့ ယုန်ဟတ် သတင်းဌာနကပြောပါတယ်။

 

မစ္စတာယွန်ကိုယ်တိုင်ကတော့ လက်ရှိအချိန်မှာ ပုန်ကန်မှုတွေနဲ့ စွဲချက်တင်ခံထားရပြီး စုံစမ်းစစ်ဆေးခံနေရသူ ဖြစ်သလို ပြည်ပနိုင်ငံထွက်ခွာခွင့်ကိုလည်း ပိတ်ပင်ခံထားရသူဖြစ်ပေမဲ့ သမ္မတယွန်ကို ဖမ်းဆီးထားခြင်း မရှိပါဘူး။

 

လက်ရှိအချိန်မှာ တိုင်းပြည်ကို ဘယ်သူဦးဆောင်နေသလဲဆိုတဲ့ မေးခွန်းတွေ မြောက်မြားစွာထွက်ပေါ်နေသလို အဓိက အတိုက်အခံပါတီကလည်း လာမယ့်စနေနေ့ (ဒီဇင်ဘာ ၁၄ ရက်နေ့) မှာ သမ္မတယွန်ကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင်ဖို့အတွက် ပြင်ဆင်နေပါတယ်။

 

ဒီဇင်ဘာ ၇ ရက်နေ့ ပထမအကြိမ် စွပ်စွဲပြစ်တင်ချက်တင်တုန်းက ကန့်ကွက်ခဲ့တဲ့ သမ္မတယွန်ရဲ့ ပြည်သူ့ အင်အားပါတီ (PPP) က လွှတ်တော်အမတ်တချို့က အခု စွပ်စွဲပြစ်တင်ချက်အဆိုချက်ကို ထောက်ခံကြောင်း အသံတွေထွက်ပေါ်လာ နေပါတယ်။

 

ပြီးခဲ့တဲ့စနေနေ့ ပထမအကြိမ်စွပ်စွဲပြစ်တင်ချက် အဆိုတင်သွင်းတဲ့အချိန်မှာတုန်းက အာဏာရ ပြည်သူ့အင်အားပါတီ (PPP) အမတ်အများစုက လွှတ်တော်အစည်းအဝေးကို သပိတ်မှောက်ခဲ့ပါတယ်။

 

Ref: S Korea police raid Yoon office as impeachment vote looms

 

#PeopleMedia


Share this post