အထက်/အောက် လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲရဖို့ ဘုရင်စနစ်ဥပဒေပြင်ဆင်ရေးကိစ္စကို ဘေးဖယ် ထားဖို့လိုကြောင်း ဝန်ကြီးချုပ်လောင်း ဆရက်သာပြော
PUBLISHED - August 2, 2023
နိုင်ငံတကာ၊ သြဂုတ် ၂
ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အထက်လွှတ်တော်အမတ်တွေနဲ့ အောက်လွှတ်တော်အမတ်တွေဆီက လုံလောက်တဲ့ မဲတွေရရှိဖို့အတွက် ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ဥပဒေကို ပြင်ဆိုဖို့ဆိုတဲ့ကိစ္စ ကို ဘေးဖယ်ထားရမှာဖြစ်ကြောင်း ဖီယူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းဆရက်သာသာဗီဆင်က သြဂုတ်လ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်မှာဦးစားပေးလုပ်ရမယ့်လုပ်ငန်းတာဝန်တွေက စီးပွားရေး၊ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အဆင်ပြေစေရေးနဲ့ ထိုင်းနိုင်ငံအတွက် အစိုးရသစ်ဖွဲ့စည်းနိုင်ရေးဖြစ်ကြောင်း ၎င်းကပြောပါတယ်။
အခုအချိန်မှာ ထိုင်းဘုရင်စနစ်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ကိစ္စ ကို ဆက်မလုပ်ဘဲ ဘေးဖယ်ထားဖို့ အလွန်အရေးကြီးတယ်လို့ ၎င်းက ပြောပါတယ်။
တပြိုင်တည်းမှာပဲ ဥပဒေမပြင်ဆင်ရေးအတွက် ၎င်းရဲ့ရပ်တည်ချက်ကို ကာကွယ်ပြောဆိုသွားတဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ဆရက်သာရဲ့အင်တာဗျူးဗီဒီယိုဖိုင်တစ်ခုကို ဖီယူထိုင်းပါတီခေတ္တပြောခွင့်ရပုဂ္ဂိုလ် လင်သီဖောင်ဗာ ရင်ဝက်ချာရာရိုးက ပြောပါတယ်။
Move Forward ပါတီရဲ့ မူဝါဒဖြစ်တဲ့ ထိုင်းဘုရင်စနစ်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေ ပြင်ဆင်ရေးဟာ အစိုးရသစ်ဖွ့ဲစည်းဖို့ အဓိကအနှောင့်အယှက်အတားအဆီးဖြစ်နေကြောင်း ပြောဆိုခဲ့တဲ့ ဖီယူ ထိုင်းပါတီဝန်ကြီးချုပ်လောင်းဖြစ်သူရဲ့ပြောစကားကို ၎င်းက ကိုးကားပြောဆိုသွားပါတယ်။
ဒါပေမဲ့ အထက်လွှတ်တော်အမတ်တချို့နဲ့ အောက်လွှတ်တော်အမတ်တချို့ကတော့ ၎င်းတို့အနေနဲ့ အဲဒီဥပဒေ ကို မပြင်ဆင်စေချင်ရုံသာမကဘဲ Move Forward ပါတီကိုပါ အစိုးရအဖွဲ့ထဲမှာ လုံးဝမရှိစေချင်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖီယူထိုင်းပါတီက တင်သွင်းလာမယ့် ဝန်ကြီးချုပ်လောင်းကို မဲပေးရွေးချယ်ဖို့အတွက် လွှတ်တော်အစည်းအဝေး ကို သောကြာနေ့ (သြဂုတ်လ ၄ ရက်နေ့) မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
Ref: PM candidate Srettha says lèse majesté issue must be shelved to ensure support from senators and MPs: Thai PBS
#PeopleMedia