အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - August 27, 2024
နေပြည်တော်၊ ဩဂုတ် ၂၇
မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ်ရယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုအရ မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက်များကို တွေ့မြင်ရကြောင်း၊ အဆိုပါအားနည်းချက်များ ကို ပြုပြင်ပြောင်းလဲပြီး လူသားအရင်းအမြစ်ကောင်းများဖြင့် နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာတတ်လူသားအရင်း အမြစ်များ ပေါကြွယ်ဝမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
မိမိတို့အနေဖြင့် ပညာရည်ဖွံ့ဖြိုးတိုးတက်စေရေး ပညာရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နိုင်ရေးပုံဖော်နေခြင်းပင် ဖြစ်ကြောင်း၊ ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားချိန်နှင့် နိုင်ငံရေးအခက်အခဲ၊ အကြပ်အတည်းများကြား၌လည်း စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိပြီး သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ကျောင်းနေသူများအားလုံး အတန်းပညာများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ ပညာတတ်သကဲ့သို့ စာဖတ်ရန်လည်းလိုအပ်မည်ဖြစ်သဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြော သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ကိုခိုင်မာသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် စည်းကမ်းစနစ်ကျသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းဖြစ်ရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့ဖြစ်ပေါ်လာစေရေးအတွက် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ကြမည့်သူများအနေဖြင့် ဝိုင်းဝန်း ဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ်ရယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုကောလိပ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများ ကို အမှန်တကယ်တတ်မြောက်အောင် လေ့လာသင်ယူ၍ မိမိတို့၏ ဘဝတစ်လျှောက် အောင်မြင်တိုးတက် စေရေး၊ နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia