အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေး လမ်းချော်သွားမှာမဟုတ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးပြော
PUBLISHED - September 27, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၇
ပြည်တွင်းလုပ်ခသတ်မှတ်ရေးကော်မတီက ထောက်ခံဖို့ ပျက်ကွက်နေပေမဲ့လည်း တစ်ရက်အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေးကိစ္စဟာ အောက်တိုဘာလ ၁ ရက်နေ့ကနေ စတင်ကျင့်သုံးရမှာဖြစ်ကြောင်း အလုပ် သမားဝန်ကြီး ဖိဖက်ရတ်ချာကစ်ပရာကန်က ပြောကြားလိုက်ပါတယ်။
လုပ်ခသတ်မှတ်ရေးကော်မတီရဲ့ မကြာသေးခင်က အစည်းအဝေးနှစ်ကြိမ်ပျက်ကွက်မှုဟာ ဒီပြဿနာကို ရှောင် ရှားဖို့အတွက် အစိုးရရဲ့နည်းလမ်းတစ်ရပ်လားလို့ ကြာသပတေးနေ့က အောက်လွှတ်တော်ထဲမှာ အတိုက်အခံ ပြည်သူ့ပါတီက အမတ်တစ်ဦးဖြစ်သူ ဆီယာချမ်းဖာသောင်က ဝန်ကြီးကို မေးမြန်းခဲ့ပါတယ်။
ဒီကိစ္စဟာ အလုပ်သမားဝန်ကြီးတစ်ဦးအနေနဲ့ ၎င်းရဲ့ ထိန်းချုပ်မှုအောက်မှာမရှိကြောင်း၊ အလုပ်ရှင်/ အလုပ်သ မား/ အစိုးရ ကိုယ်စားလှယ် ၁၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ သုံးပွင့်ဆိုင်ကော်မတီဟာ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း မစ္စတာဖိဖက်က ပြောပါတယ်။ “ကျွန်တော်က အဲဒီအစည်းအဝေးထဲ ဝင်ပါလို့မရသလို ဘာလုပ်ပါ ညာလုပ်ပါလို့လည်း ခွင့်ပြုချက်ပေးလို့ မရ ပါဘူး။” လို့ မစ္စတာဖိဖက်က ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့က အစည်းအဝေးဖြစ်မြောက်ခဲ့ရင်လည်း အလုပ်ရှင်ဘက်က ကိုယ်စားလှယ် ငါးဦး စလုံးက လုပ်ခတိုးမြှင့်ရေးအတွက် ကန့်ကွက်မဲပေးနိုင်ကြောင်း ၎င်းက ပြောပါတယ်။
အလုပ်ရှင်တွေဟာ ယေဘုယျအားဖြင့် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ ကို ဆန့်ကျင်နေကြတဲ့အပြင် တစ်နိုင်ငံလုံး လုပ်ခအတူတူ သတ်မှတ်ရေးကိုတောင် ဆန့်ကျင်နေကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ တစ်ရက်လုပ်ခကတော့ သက်ဆိုင်ရာပြည်နယ်ပေါ်မူတည်ပြီး ဘတ် ၃၃၀ ကနေ ၃၇၀ အထိ သတ်မှတ်ထားပါတယ်။
အလုပ်သမားတွေကို လုပ်ခပိုမိုပေးနိုင်ရေး ၎င်းတို့ရဲ့အသုံးစရိတ်တွေကို စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ် စေဖို့ ဘဏ်တိုးနှုန်းတွေ လျှော့ချပေးဖို့အတွက် အဖွဲ့အစည်းလေးငါးခုက ထိုင်းဗဟိုဘဏ် (Bangkok of Thailand) ကို ကြိုးစားတင်ပြနေကြကြောင်း ဝန်ကြီးက ပြောပါတယ်။
ဘတ် ၄၀၀ သတ်မှတ်ထားတဲ့ လုပ်ခသစ်မူဝါဒကို လုပ်သား ၂၀၀ ထက်မနည်းရှိတဲ့ ကုမ္ပဏီတွေ၊ စက်ရုံတွေမှာ စတင်ကျင့်သုံးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
မူဝါဒပြောင်းလဲမှုကြောင့် အလုပ်ရှင်တွေဟာ တစ်ရက်ကို အလုပ်သမားတစ်ဦးကို ၇၃ ဘတ် ပိုပေးရမှာဖြစ်တယ် ဆိုတာ လေ့လာမှုတွေအရ သိရှိရကြောင်း မစ္စတာဖိဖက်က ပြောပါတယ်။ အကျိုးသက်ရောက်မှုက ကြီးမားကြောင်း ၎င်းက ပြောပါတယ်။
ဒီမူဝါဒကျင့်သုံးမှုမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ချန်ထားခဲ့မှာကို မစ္စတာဆီယာရဲ့ စိုးရိမ်မှုနဲ့ ပတ် သက်ပြီး မေးမြန်းရာမှာ “ဝန်ကြီးဌာနအနေနဲ့ ပြည်နယ်အလိုက် လုပ်ခကော်မတီတွေရဲ့ အစီရင်ခံစာတွေအပေါ် မူတည်ပြီး နောက်ပိုင်းမှာ အသေးစားလုပ်ငန်းရှင်တွေကြားမှာ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ရေးကို ဆက်လက်ဆောင် ရွက်သွားမှာဖြစ်တယ်” လို့ ဖြေကြားခဲ့ပါတယ်။
အစိုးရအနေနဲ့ ၂၀၂၃ ခုနှစ် မဲဆွယ်ပွဲမှာ ကတိပြုထားတဲ့အတိုင်း ၂၀၂၇ ခုနှစ်မှာ အနိမ့်ဆုံးလုပ်ခ ဘတ် ၆၀၀ သတ်မှတ်နိုင်ရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားဆဲဖြစ်ကြောင်းလည်း မစ္စတာဖိဖက် က ပြောပါတယ်။ တခြားအစီအစဉ်တွေ မကြေညာခင် အောက်တိုဘာလ မတိုင်ခင်မှာ အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်မှု ကျင့်သုံးနိုင်ရေးက အရေးကြီးကြောင်း ၎င်းက ပြောပါတယ်။
Ref: B400 daily wage plan ‘cannot be derailed’
#PeopleMedia