အနောက်တိုင်းကထောက်ပံ့တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ယူကရိန်းတန်ပြန်ထိုးစစ်မှာ အရာမရောက် ကြောင်း ပူတင်ပြော
PUBLISHED - July 22, 2023
နိုင်ငံတကာ၊ ဇူလိုင် ၂၂
အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ၊ ဘဏ္ဍာရေးတွေထောက်ပံ့နေပေမဲ့လည်း နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ မအောင်မြင်ဘူးလို့ ရုရှားသမ္မတဗလာဒီမာပူတင်က သောကြာနေ့ (ဇူလိုင်လ ၂၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“ဘာပဲဖြစ်ဖြစ် အဲဒီတန်ပြန်ထိုးစစ်ဟာ ဘာမှအရာမရောက်ပါဘူး။” လို့ ကရင်မလင်အစိုးရ လုံခြုံရေးကောင်စီအ စည်းအဝေးအပြီး ရုပ်သံတွေ့ဆုံပွဲတစ်ခုမှာ ပူတင်က ပြောပါတယ်။
ယူကရိန်းအစိုးရဟာ အနောက်နိုင်ငံတွေက စစ်လက်နက်ပစ္စည်းထောက်ပံ့မှုတွေကို စုဆောင်းထားပြီးနောက် ပြီးခဲ့တဲ့လက တန်ပြန်ထိုးစစ်တစ်ခုကို စတင်ဆင်နွှဲခဲ့ပါတယ်။
“ယူကရိန်းအစိုးရကိုထောက်ပံ့ထားတဲ့ ဧရာမအရင်းအမြစ်တွေရော အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့ တင့်ကားတွေ၊ အမြောက်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ ဒုံးကျည်တွေရော ဘာတစ်ခုမှ အထောက်အကူမဖြစ်ပါ ဘူး။” လို့ ပူတင်က ပြောပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသ နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ဆဲ ဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်နေရာအများစုဟာ ရေခဲနေတဲ့နယ်မြေတွေဖြစ်ပုံရပါတယ်။
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဟာ “ကာလရှည်ကြာ ခက်ခဲမှာဖြစ်တဲ့အတွက်” မဟာမိတ်နိုင်ငံတွေအနေနဲ့ တင့် ကား/ သံချပ်ကာယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထပ်မံထောက်ပံ့ပေးဖို့ တောင်းဆိုကြောင်း ထိပ်တန်း သမ္မတအကူတစ်ဦးက AFP သတင်းဌာနကို အခုသီတင်းပတ်အစောပိုင်းက ပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အခိုင်မာဆုံးမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံက ယူကရိန်းကို စစ်လက်နက်ပစ္စည်း တွေထောက်ပံ့ခဲ့သလို ယူကရိန်းဒုက္ခသည်တွေကိုလည်း လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ ယူကရိန်းစစ်မြေပြင်ကို ပိုလန်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့အထိတော့ စိတ်ဝင်စားခြင်းမရှိပါဘူး။
ပိုလန်ခေါင်းဆောင်တွေဟာ ယူကရိန်းနယ်မြေတွေကို ဝင်ရောက်သိမ်းပိုက်နိုင်ဖို့အတွက် ယူကရိန်းစစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ ကြိုးစားနေကြောင်း ပူတင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံတွင်း မအောင်မြင်တဲ့ပုန်ကန်မှုဖြစ်ပွားပြီးနောက် ဝဂ္ဂနာကြေးစားတပ်ဖွဲ့တွေ ရွှေ့ပြောင်းခဲ့တဲ့ ရုရှားရဲ့ မဟာမိတ် ဘယ်လာရုစ်နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ နယ်စပ်ဒေသကို ပိုလန်အစိုးရက ကာကွယ်ရေးအား ဖြည့်ထားပါတယ်။
ယူကရိန်းနိုင်ငံနဲ့ရော ဥရောပသမဂ္ဂအဖွဲ့ဝင်လည်းဖြစ် နေတိုးအဖွဲ့ဝင်လည်းဖြစ်တဲ့ ပိုလန်နိုင်ငံ၊ လစ်သူယေးနီး ယားနိုင်ငံတွေနဲ့ရော နယ်နမိတ်ချင်းထိစပ်နေတဲ့ ဘယ်လာရုစ်နိုင်ငံဟာ ရုရှားနိုင်ငံကဆင်နွှဲနေတဲ့ ယူကရိန်းစစ် ပွဲအတွက် ခြေကုပ်စခန်းတစ်ခု ဖြစ်ပါတယ်။
ဘယ်လာရုစ်ကို ရန်စကျူးကျော်လာတာဟာ ရုရှားဖက်ဒရေးရှင်းကို ရန်စကျူးကျော်လာတယ်လို့ မှတ်ယူသွား မှာဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံကို တိုက်ခိုက်လာခဲ့ရင် ရုရှားအစိုးရအနေနဲ့ ရှိသမျှလက်နက်အားလုံး ထုတ်သုံးသွား မှာဖြစ်ကြောင်း သမ္မတပူတင်က သတိပေးထားပါတယ်။
Ref: Putin Says Western Weapons, Support Not Helping Ukraine
#PeopleMedia