အနောက်နိုင်ငံတွေကထောက်ပံ့တဲ့ ထောက်လှမ်းရေးသတင်းတွေကြောင့် ယူကရိန်းက ရုရှားကာ့စ်ခ်ဒေသကို အောင်မြင်စွာထိုးဖောက်တိုက်ခိုက်နိုင်ခဲ့တာလို့ဆို
PUBLISHED - August 29, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၉
ရုရှားပိုင်နက် ကာ့စ်ခ်ဒေသကို အောင်မြင်စွာ ဝင်ရောက်တိုက်ခိုက်ရာမှာ အနောက်တိုင်းမိတ်ဖက်နိုင်ငံတွေရဲ့ တန်ဖိုးရှိတဲ့ ထောက်လှမ်းရေးသတင်းတွေက အထောက်အကူပြုခဲ့ကြောင်း ယူကရိန်းတပ်မတစ်ခုက စစ်ဘက် ဆိုင်ရာ ပြောခွင့် ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားလိုက်ပါတယ်။
အဲဒီထောက်လှမ်းရေးသတင်းတွေကို အသုံးပြုပြီး ရုရှားတပ်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထောက်လှမ်း နိုင်ခဲ့တဲ့အတွက် ယူကရိန်းတပ်တွေ ဘေးကင်းလုံခြုံစွာ နယ်စပ်မျဉ်းကို ချဉ်းကပ်နိုင်ခဲ့ပြီး အတွင်းပိုင်းကို ထိုး ဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အဲဒီပုဂ္ဂိုလ်က ဂျပန် NHK သတင်းဌာနကို ပြောပါတယ်။
စစ်သတင်းအချက်အလက် အသေးစိတ်ကို အနောက်နိုင်ငံတွေရဲ့ ဆက်သွယ်ရေးဂြိုဟ်တုတွေက တိုက်ရိုက်ရရှိ ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပေမဲ့ ဘယ်လိုရရှိခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
ဆက်သွယ်ရေးဂြိုဟ်တုအကူအညီမပါဘဲနဲ့ ဘယ်စစ်ဆင်ရေးကိုမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ် ကြောင်းပြောဆိုရင်း အဆိုပါပုဂ္ဂိုလ်က စစ်သတင်းအရေးကြီးပုံကို ထောက်ပြပြောဆိုသွားပါတယ်။
အခုလအစောပိုင်းက ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံအနောက်ပိုင်းဒေသကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက် ခဲ့ပြီး ရုရှားနယ်မြေ စတုရန်းကီလိုမိတာ ၈၀၀ (စတုရန်းမိုင် ၃၀၈ မိုင်) ဝန်းကျင်ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းတပ်တွေဟာ ရုရှား စောင့်ကြည့်ထောက်လှမ်းလက်နက်တွေကို တိုက်ခိုက်ပြီး နယ်စပ်ကာကွယ်ရေးကို ချိုးဖျက်ဖို့အတွက် ဒရုန်းတွေနဲ့ jammer တွေကို ကျွမ်းကျင်စွာ အသုံးပြုခဲ့တယ်လို့ ရုရှားစစ်ဘက်ဆိုင်ရာ စောင့် ကြည့်လေ့လာသူတွေက ပြောပါတယ်။
အဲဒီဒေသကို မတိုက်ခင်မှာ စစ်ဆင်ရေးအသေးစိတ်ကင်းထောက်တာဝန်တွေကို ဆောင်ရွက်ဖို့အတွက် ဒရုန်း တွေနဲ့ အာကာသအခြေစိုက်ကိရိယာတွေကို အသုံးပြုခဲ့တယ်လို့ အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ရုရှားအတွင်းပိုင်းကို ဝင်ရောက်ဖို့ အခြေအနေကောင်းပြီဆိုတဲ့အချိန်မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ အဖွဲ့ငယ် လေးတွေခွဲပြီး ထိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီလိုဝင်ရောက်တဲ့အချိန်မှာ ရန်သူ့စောင့်ကြည့်ထောက်လှမ်း မှုမခံရဘဲ လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးဟာ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုဖြစ်ပြီး စစ်ဆင်ရေးနဲ့ မပတ်သက်တဲ့ တခြားတပ်ဖွဲ့ဝင်တွေကို ဒီစစ် ဆင်ရေးဆောင်ရွက်မယ်ဆိုတာ အသိမပေးခဲ့ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။
အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ စစ်ရေးသတင်းအကူအညီတွေအပြင် ရုရှားတပ်တွေကို လှည့်စားဖို့ သတင်း မှားတွေလည်း ထုတ်လွှင့်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
စစ်ဆင်ရေးမစခင်မှာ ရန်သူကိုလှည့်စားဖို့အတွက် ကာ့စ်ခ်ဒေသနဲ့ ဆက်စပ်နေတဲ့ ဆူမီဒေသနယ်စပ်မှာ ယူက ရိန်းစစ်တပ်က ၎င်းတို့တပ်ဖွဲ့ဝင်တချို့ကို အဲဒီဒေသကို ဝင်ရောက်တိုက်ခိုက်မယ့်ပုံစံမျိုးနဲ့ တပ်ဖြန့်ချထားခဲ့ ကြောင်း ၎င်းက ပြောပါတယ်။
ရုရှားတပ်တွေ အလှည့်စားခံလိုက်ရတဲ့အတွက် ယူကရိန်းတပ်ဖွဲ့ဝင်တွေ အခုလို အောင်မြင်စွာချီတက် တိုက် ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးဟာ ရန်သူကို စိတ်ဓာတ်ကျဆင်းစေအောင် နည်းဗျူဟာအရရော စိတ်ဓာတ်စစ်ဆင်ရေးအရပါ တိုက်ခိုက်ပြီး ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: Ukrainian Soldier Reveals Western Intel Aided Kursk Incursion
#PeopleMedia