အနောက်နိုင်ငံတွေကိုတိုက်ခိုက်ဖို့ တခြားနိုင်ငံတွေကို လက်နက်တပ်ဆင်ပေးနိုင်ကြောင်း ပူတင်ပြော
PUBLISHED - June 6, 2024
နိုင်ငံတကာ၊ ဇွန် ၆
ရုရှားနိုင်ငံအနေနဲ့ အနောက်နိုင်ငံက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် တခြားနိုင်ငံတွေကို လက်နက်တပ် ဆင်ပေးနိုင်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့ (ဇွန်လ ၅ ရက်နေ့) က သတိပေးလိုက်ပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ပို့ဆောင်နေတာကို ပြစ်တင်ဝေဖန်ရင်း မစ္စတာ ပူ တင်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံလေးငါးနိုင်ငံက ၎င်းတို့ထောက်ပံ့ထားတဲ့လက်နက်တွေကို အသုံးပြု ပြီး ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်နိုင်ကြောင်း ယူကရိန်းကို ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
အဲဒီအပြုအမူကြောင့် အလွန်ကြီးမားတဲ့ပြဿနာတွေဖြစ်ပေါ်လာနိုင်ကြောင်း မစ္စတာပူတင်က နိုင်ငံခြားသတင်း ထောက်တွေကို ပြောပါတယ်။
“ကျွန်တော်တို့နိုင်ငံပိုင်နက်ထဲကို တိုက်ခိုက်ပြီး ကျွန်တော်တို့အတွက် ပြဿနာတွေဖန်တီးဖို့ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသကို အခုလိုလက်နက်တွေထောက်ပံ့တာမျိုး လုပ်လို့ရတယ်လို့ တွေးရင် အဲဒီနိုင်ငံတွေရဲ့ အရေးကြီးပစ်မှတ် တွေကိုတိုက်ခိုက်ဖို့ ကျွန်တော်တို့အနေနဲ့လည်း တခြားနိုင်ငံတွေကို လက်နက်တွေထောက်ပံ့ပေးဖို့ အခွင့်အရေး ရှိတာပါပဲ။” လို့ သမ္မတပူတင်က ပြောပါတယ်။
“တုံ့ပြန်မှုဟာ အချိုးမညီတဲ့တုံ့ပြန်မှုဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ စဉ်းစားသွားမှာပါ။” လို့ ပူတင် က ပြောပေမဲ့ ဘယ်နိုင်ငံကို လက်နက်ထောက်ပံ့မယ်ဆိုတာ အသေးစိတ်ထုတ်မပြောပါဘူး။ မစ္စတာပူတင်ဟာ ရုရှားနိုင်ငံအတွင်းပိုင်းထဲကို ဂျာမန်ထုတ်တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်နိုင်တယ်လို့ မကြာသေးခင်က ယူကရိန်းကိုခွင့်ပြုခဲ့တဲ့ ဂျာမနီနိုင်ငံကို ရွေးချယ်ပြောဆိုခဲ့ပါတယ်။
“ရုရှားပိုင်နက်ထဲကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ဆက်လက်ပေးပို့သွားမယ်လို့ ပြောလာရင် ရုရှား-ဂျာမန် ဆက် ဆံရေးလုံးဝ ပျက်စီးသွားမှာ ကျိန်းသေပါတယ်။” လို့ မစ္စတာပူတင်က ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း အမေရိကန်ထုတ်လက်နက်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းကို ပစ်ခတ်နိုင် ကြောင်းခွင့်ပြုခဲ့ပေမဲ့ အဲဒီလိုပစ်ခတ်တာဟာ ယူကရိန်းရဲ့ ခါကိဗ်မြို့ကို ကာကွယ်ဖို့အတွက် ခါကိဗ်မြို့အနီးတစ် ဝိုက်က ရုရှားပစ်မှတ်တွေကိုသာ ဆိုလိုကြောင်း ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းအနေနဲ့ ရုရှားအတွင်းပိုင်းကို ပစ်ခတ်ဖို့ အမေရိကန်ထုတ် ATACMS တာဝေးပစ်ဒုံးကျည်တွေ ကို အသုံးပြုခွင့်မရှိဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။
ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ရာမှာ မကြာသေးခင်က အမေရိကန်ထုတ်လက်နက် တွေကို အသုံးပြုခဲ့ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးနဲ့ အနောက်တိုင်းအရာရှိတွေက AP သတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ယူကရိန်းမြောက်ပိုင်းနယ်စပ်ကို ရုရှားဘက်က ထိုးစစ်ကြီးတစ်ခု ဆင်နွှဲတိုက်ခိုက်လာတဲ့အချိန်ကစပြီး ခါကိဗ်မြို့ ရဲ့ အရှေ့မြောက်ဘက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပါတယ်။
ခါကိဗ်မြို့ဟာ ရုရှားနယ်စပ်နဲ့ ၁၈ မိုင်ဝန်းကျင်သာဝေးကွာပြီး ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။
Ref: Putin warns Russia could provide weapons to strike West: BBC
#PeopleMedia